နည်းပြ ကလော့ပ်က လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်စားမှုကို ကြားသိရတဲ့ အချိန်မှာ ဇနီးသည်နဲ့ စတွေ့တဲ့ နေ့ကလို ခံစားခဲ့ရပါတယ်လို့ SkySports သတင်းမှာ အခိုင်အမာ ပြောသွားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်အသင်းကို (၇) နှစ်ကြာ နည်းပြခဲ့ပြီးတဲ့ အချိန်မှာ အသင်းပြောင်းခဲ့ပြီး ပရီးမီးယားလိဂ် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ နည်းပြ ကလော့ပ်ကတော့ လီဗာပူးလ်အသင်းကို လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ် အောက်တိုဘာလမှာ ပြောင်းရွှေ့လာခဲ့ပြီး (၄) နှစ်ကြာမှာတော့ အောင်မြင်မှုတွေ အများကြီး ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူပေးခဲ့ပြီး လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံး ရယူပေးနိုင်တော့မှာ သေချာပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ပွဲ ကစားပြီးတဲ့နောက် တစ်ပွဲမှ မရှုံးသေးဘဲ ရမှတ် (၇၆) မှတ်နဲ့ (၂၂) မှတ် ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ နည်းပြ ကလော့ပ်ဟာ (၂၀၁၉) ခုနှစ်မှာ ချန်ပီယံလိဂ်အပြင် စူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားကို ရယူပေးခဲ့ပြီး လီဗာပူးလ်ရဲ့ စိတ်ဝင်စားခံရစဉ်က ခံစားချက်အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

Photo Credit: Goal

Sky SPorts မှာ နည်းပြ ကလော့ပ်က “စိတ်ဝင်စားမှုတွေ အများကြီး ခံခဲ့ရတယ်ပေါ့။ ကျွန်တော် အရင်ဆုံး အားလပ်ရက် ခရီးထွက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အေးဂျင့်ဆီက လီဗာပူးလ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားတာကို ကျွန်တော် ကြားခဲ့ရပါတယ်။ ကျွန်တော် ချက်ချင်းပါပဲ “အိုး…ဘုရားရေ၊ ဒါက ကျွန်တော့်ရဲ့ ဇနီးသည်နဲ့ စတွေ့တဲ့ နေ့ကလိုပါပဲလို့ ခံစားခဲ့ရတယ်။ ဇနီးသည်ကို စတွေ့တုန်းက သူမက အဆင်ပြေတယ်လို့ တွေးပြီး လက်ထပ်ခဲ့ပါတယ်။ ဒါတွေက အသင်းနဲ့ အတူတူပါပဲ။ ပထမ အချိန်ကတည်းက မှန်တယ်လို့ ခံစားခဲ့ပါတယ်။ ကျွန်တော်တော့ အင်္ဂလန်နိုင်ငံမှာ မနေဖူးခင်ကတည်းက အင်္ဂလန်နိုင်ငံကို သဘောကျပြီးသားပါ။ အကြောင်းက ကျွန်တော် အသက် (၁၈) နှစ်က ဒီကို ရထားနဲ့ လာပြီး နေခဲ့ဖူးပါတယ်”လို့ ပြောသွားခဲ့ပါတယ်။