အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ အဲဗာတန်ဂိုးသမားပစ်ဖိုဒ့်ရဲ့ ကစားပုံကြမ်းတမ်းခဲ့မှုကြောင့် ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကို ခံစားခဲ့ရတဲ့ အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ဟာ ဒဏ်ရာကို ခွဲစိတ်ရတော့မှာဖြစ်ပြီး ရာသီကုန်တဲ့အထိပါ အနားယူရဖွယ်ရှိနေလို့ လာမယ့်ဆောင်းရာသီစျေးကွက်ဖွင့်ချိန်မှာ လီဗာပူးလ်အနေနဲ့ ခံစစ်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်လို့နေပြီး လက်ရှိအချိန်မှာလည်း ဗဟိုခံစစ်ကစားသမားအများအပြားနဲ့ပါ ကောလဟာလတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Daily Mail

လတ်တလောမှာ လီဗာပူးလ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ခံစစ်ကစားသမားတွေကတော့ လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနို ၊ ဘရိုက်တန်နောက်ခံလူ ကော်နာကိုအာဒီ ၊ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက် ၊ ရှော်ကေးနောက်ခံလူ အိုဇန်ကာဘတ်ချ်နဲ့ ဆီဗီလာနောက်ခံလူ ခွန်ဒဲလ်တို့ပဲဖြစ်ပါတယ်။ တကယ်တော့ လီဗာပူးလ်အသင်းဟာ နွေစျေးကွက်အတွင်းမှာကတည်းက အသင်းရဲ့နောက်ခံလူလိုဗရန်ကို ဇင်းနစ်အသင်းဆီ ထုတ်ရောင်းချခဲ့တာဖြစ်ပြီး အဲ့ဒီချိန်တည်းက သူရဲ့နေရာအတွက် ဗဟိုခံစစ်မှူးသစ်တစ်ယောက်ကို ပြန်လည်အစားထိုးခေါ်ယူသင့်တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဗန်ဒိုက် ကာလရှည်ကြာ အနားယူရတော့မယ့်အချိန်မှာ အသင်းရဲ့ဗဟိုခံစစ်နေရာအတွက် ဂျိုးဂိုးမက်ဇ်နဲ့ ဂျိုရယ်မာတစ်တို့သာ ပါဝင်ကစားနိုင်မှာဖြစ်ပြီး လိုအပ်ရင် ကွင်းလယ်လူဖာဘင်ဟိုကိုလည်း ထည့်သွင်းကစားနိုင်မှာဖြစ်ပါတယ်။ ညက အေဂျက်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဖာဘင်ဟိုနဲ့ဂိုးမက်ဇ်တို့အတွဲကို အသုံးပြုခဲ့ရာ Clean Sheet နိုင်ပွဲပါ ရယူနိုင်ခဲ့ပါသေးတယ်။ ဒီကစားသမား(၃)ယောက်ထဲက ဒဏ်ရာပွဲပယ်တွေ ရှိလာခဲ့မယ်ဆိုရင်လည်း လူငယ်နောက်ခံကစားသမားလေး ဗန်ဒန်ဘာ့ချ်ကိုပါ အသုံးပြုလာနိုင်ပါတယ်။ ဗန်ဒိုက်မပါဝင်နိုင်တဲ့ ပွဲတစ်ပွဲကိုတော့ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီဆိုပေမယ့် တစ်ရာသီအတွင်းမှာ ပွဲစဉ်များစွာကို ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်လို့ ဆောင်းစျေးကွက်ဖွင့်ချိန်မှာ လီဗာပူးလ်အနေနဲ့ ခံစစ်မှူးသစ်တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသင့်ပြီး ဒီလိုခေါ်ယူနိုင်ဖို့ဆိုတာကလည်း အတော်လေး ခက်ခဲစေနိုင်ပါတယ်။ ပြင်သစ်နောက်ခံလူတွေဖြစ်တဲ့ ခွန်ဒဲလ်နဲ့ အူပါမယ်ကာနိုတို့ကတော့ ပြောင်းရွှေ့ကြေးတအားမြင့်မားနေမှာဖြစ်သလို မကြာသေးခင်ကမှ အသင်းတွေနဲ့ သက်တမ်းတိုးထားကြတဲ့ ကိုအာဒီနဲ့ ဘင်ဝှိုက်တို့ရဲ့ပြောင်းရွှေ့ကြေးကိုလည်း သူတို့ရဲ့သက်ဆိုင်ရာကလပ်တွေကနေ ကြိုက်သလောက်စျေးခေါ်နိုင်ပါတယ်။ ဆိုတော့ လီဗာပူးလ်အတွက် ဖြစ်နိုင်ခြေရှိတာကတော့ တူရကီခံစစ်ကစားသမားလေး အိုဇန်ကာဘတ်ချ်ဖြစ်ပြီး သူကလည်း အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ နောက်ခံလူဖြစ်လို့ ဆောင်းစျေးကွက်မှာ သူ့ကို ဦးစားပေးကမ်းလှမ်းနိုင်ပါတယ်။