ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ဟာ ပုံမှန်အတိုင်းသာဆိုရင် ဒိန်းမတ်နိုင်ငံမှာ ကျင်းပရမှာဖြစ်ပေမယ့် လတ်တလောအခြေအနေအရ ဒိန်းမတ်နိုင်ငံက ကိုဗစ်ကူးစက်မှုတွေ များပြားစွာ ရှိလို့နေပြီး ကိုဗစ်ဗိုင်းရပ်စ်ပိုး မျိုးကွဲရောဂါကိုပါ တိရစ္ဆာန်တွေကနေ တွေ့မြင်ထားခဲ့ရတာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ ဒိန်းမတ်မှာ သွားရောက်ဘောလုံးမကစားဖို့ တားမြစ်ထားခဲ့သလို သွားဖြစ်ခဲ့မယ်ဆိုရင်တော့ (၁၄)ရက်အထိ Quarantine ဝင်ရမှာဖြစ်ပါတယ်။

Photo Credit : The Sun

ဒါကြောင့်မို့ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ယှဉ်ပြိုင်သွားရမယ့် မစ်ဂျေးလန်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို MCH အရီနာကွင်းမှာထက် ဒေါ့မွန်အသင်းရဲ့အိမ်ကွင်း ဇစ်ဂနာအင်ဒူနာပတ်မှာ ပြောင်းလဲကျင်းပရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။ မစ်ဂျေးလန်းအသင်းကတော့ လက်ကျန်ချန်ပီယံလိဂ် ပွဲစဉ်(၃)ပွဲမှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲတစ်ပွဲတည်းကိုသာ အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်လို့ ကွင်းအပြောင်းအလဲကိုလည်း အဲ့ဒီပွဲတစ်ပွဲတည်းသာ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ တကယ်လို့သာ အခုသတင်းတွေ ထွက်ပေါ်နေသလို ဒေါ့မွန်ကွင်းမှာသာ ပြောင်းလဲကျင်းပခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့အတွက် အားသာချက် ဖြစ်စေမှာပါ။

Photo Credit : Sky Sports

နည်းပြကလော့ဟာ လီဗာပူးလ်ကို မကိုင်တွယ်ခင်က ဒေါ့မွန်အသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းနဲ့လည်း အောင်မြင်မှုများစွာကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ကလော့အနေနဲ့ သူရဲ့နေရာဟောင်းတစ်ခုဖြစ်ခဲ့တဲ့ အင်ဒူနာကွင်းထဲမှာ မစ်ဂျေးလန်းကို ရင်ဆိုင်ကစားရမှာဖြစ်လို့ သူ့အတွက် အားသာချက်အနည်းငယ် ရှိလို့နေမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲစဉ် (၃)ပွဲအထိ ကစားထားပြီးနောက်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူထားနိုင်ခဲ့ပြီး နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့က အခြေအနေကောင်းလို့နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲကို ရင်ဆိုင်နေရပြီး ခံစစ်ပိုင်းမှာဆိုရင်လည်း ဗန်ဒိုက် ဂျိုးဂိုးမက်ဇ် အာနိုး ရောဘတ်ဆန်တို့အားလုံး ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့ရပြီး တိုက်စစ်မှူး မိုဟာမက်ဆာလာမှာလည်း ကိုဗစ်ကူးစက်လျက်ရှိနေပါတယ်။ ဒီလို ဒဏ်ရာကျိန်စာဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာလည်း အမှတ်ပေးဇယားထိပ်နားမှာ ရောက်ရှိနေတဲ့ လက်စတာအသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်ပြီး ဒဏ်ရာရကစားသမားဦးရေ များပြားနေရတာကြောင့် ကစားသမားတချို့ကို နေရာအပြောင်းအလဲ လုပ်ရဖွယ်ပါ ရှိနေပါတယ်။