ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၉ခုနှစ် ကိုပါအမေရိကဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပြီး လပိုင်းလေးအကြာမှာပဲ လီဗာပူးလ်အသင်းနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီသစ်ကို စတင်ဖြတ်သန်းလာခဲ့တဲ့ ဂိုးသမားအယ်လီဆန်ဘက်ကာဟာ နော်ဝစ်ချ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာပဲ ဒဏ်ရာရရှိခဲ့လို့ အသင်းနဲ့အတူ ရပွဲလောက်အထိကို လွဲဲချော်ခဲ့ရပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန် လီဗာပူးလ်အသင်းအတွက် ပြန်လည်ပွဲထွက်ကစားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ၂လနီးပါးလောက် Clean Sheets တစ်ပွဲမှ မရယူနိုင်ခဲ့ပဲ အယ်လီဆန်ရဲ့လက်စွမ်းတွေများ ကျဆင်းလာခဲ့ပြီလားဆိုကာ သံသယတွေ ဝင်လာခဲ့ပါတယ်။

Photo Credit : France 24

အယ်လီဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ ပြန်လည်ပါဝင်လာခဲ့ရကာ ဒီဇင်ဘာလ ၄ရက်နေ့အထိ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲဲစဉ်(၁၅)အထိကို Clean Sheets တစ်ပွဲမှမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရက်နောက်ပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၂၅)ပွဲအထိ သူရဲ့လက်စွမ်းကောင်းတွေကို ပြန်လည်ပြသလာနိုင်ခဲ့ကာ ပေးဂိုးတွေကလည်း နည်းပါးလာခဲ့ပါတယ်။ အယ်လီဆန်က ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)ကနေစတင်ပြီး ဝုလ်ဗ်နဲ့ပွဲစဉ်မှာသာ ပေးဂိုး၁ဂိုးတည်းကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Premier League

ဒီလို အံ့မခန်းလက်စွမ်းတွေ တဖန်ပြန်လည်ပြသလာနိုင်တဲ့ အယ်လီဆန်ဟာ ဒီရာသီမှာတော့ လီဗာပူးလ်အတွက် ပရိးမီးယားလိဂ်၁၇ပွဲအထိ ကစားခဲ့ပြီး သူရဲ့ပေးဂိုးက ၆ဂိုးသာရှိခဲ့တဲ့အထိ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်လို့ ပရီးမီးယားလိဂ်ရဲ့ရွှေလက်အိပ်ဆုကို ၂နှစ်ဆက်တိုက် ပိုင်ဆိုင်နိုင်ရဖို့ အခြေအနေကောင်းလို့နေပါတယ်။ လက်ရှိမှာ ရှက်ဖီးယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ ဘန်လေဂိုးသမားနစ်ပုဒ်တို့က အယ်လီဆန်နဲ့အတူ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း Clean Sheets အကြိမ်ရေ ၉ကြိမ်အထိ ပြုလုပ်ထားခဲ့ပေမယ့် ဒီဂိုးသမားနှစ်ယောက်က အယ်လီဆန်ထက် ပွဲအရေအတွက်များစွာ ကစားထားလို့ အယ်လီဆန်ကို ယှဉ်နိုင်ဖို့မလွယ်တာဖြစ်ပါတယ်။ ဂိုးကာကွယ်မှု ၈၇%အထိရှိနေတဲ့ အယ်လီဆန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၂၄မိနစ်လောက်ကြာမှ သွင်းဂိုး၁ဂိုးကို ခွင့်ပြုရတဲ့ အချိုးအဆကို ပိုင်ဆိုင်ထားတာဖြစ်လို့ ဒီလိုစွမ်းဆောင်ရည်က တစ်ရာသီအတွင်း ဘယ်ဂိုးသမားမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့ စံချိန်ကောင်းတစ်ခု ဖြစ်နေခဲ့ရပါတယ်။