လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း တစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်း အတွက် လက်ရှိ ဘောလုံး ရာသီကတော့ အတော်လေးကို ဆိုးရွားတဲ့ ရာသီတစ်ခုပဲ ဖြစ်ပါတယ်။ ရာသီစ ကတည်းက အသင်းရဲ့ အဓိက ကစားသမားတွေဟာ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာ ရရှိခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် အသင်းရဲ့ အမာခံ နောက်တန်း ကစားသမားတွေ တစ်ဦးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သလို အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက်ဟာလည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ ရပါတယ်။ နောက်ဆုံး ရရှိလာတဲ့ သတင်းတွေ အရတော့ လီဗာပူးအသင်းရဲ့ တက်သစ်စ လူငယ် နောက်ခံလူ ဖြစ်တဲ့ ရေးလ် ဝီလီယံဟာ နိုင်ငံ လက်ရွေးစင် အသင်းဖြစ်တဲ့ အင်္ဂလန် ယူ-၂၁အသင်းနဲ့ သွားရောက် ပူးပေါင်းရင်း တင်ပါးဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Metro

 

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် နောက်ခံလူ ဝီလီယံဟာ လီဗာပူး ယူ-၂၃ အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေ ၊ စီနီယာအသင်းကြီးရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ အချက်တွေကြောင့် မကြာသေးမီကမှ လီဗာပူး အသင်းကြီးထံ ခေါ်ယူ ခံထားရသူလည်း ဖြစ်ပါတယ်။ ဝီလီယံဟာ လီဗာပူး စီနီယာအသင်းထံ ရောက်ရှိ အပြီးမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅ပွဲအထိ ပါဝင် ကစားပေးထားပြီး ချန်ပီယံလိဂ် ၃ပွဲ ၊ ကာရာဘောင်းဖလား ၂ပွဲတို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးအသင်းရဲ့ အဓိက ခံစစ် ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်စ်နဲ့ ဖာဘင်ဟိုတို့ ဒဏ်ရာ ရရှိနေတာကြောင့် ဝီလီယံဟာ မာတစ်နဲ့ တွဲကာ လီဗာပူးအသင်းရဲ့ ဗဟို ခံစစ်ကြောင်းကို တာဝန်ယူရဖွယ် ရှိတဲ့ အနေအထားမှာ အခုလို ဝီလီယံ ဒဏ်ရာ ရရှိသွားတာဟာ လီဗာပူးအသင်း အတွက် သတင်းဆိုး တစ်ခုပါပဲ။

Photo Credit: Metro

အင်္ဂလန် ယူ-၂၁ အသင်းရဲ့ နည်းပြဖြစ်သူ ဘော့ရိုဒ်ကတော့ ဝီလီယံဟာ အသေးစား တင်ပါးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ဒဏ်ရာ ပိုမို မဆိုးရွားခင်မှာ ဝီလီယံကို မိခင် အသင်းဖြစ်တဲ့ လီဗာပူးအသင်းထံ ပြန်လည် စေလွှတ်ခဲ့တာ ဖြစ်ကြောင်း ပြောဆို ထားပါတယ်။ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဝီလီယံရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာ ဖြစ်ပေမယ့် တင်ပါးဒဏ်ရာ ဖြစ်တာကြောင့် လီဗာပူးအသင်း အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၃ရက်နေ့မှာ ကစားရမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်မှာ ဝီလီယံကို အသုံးပြုနိုင်ဖွယ် မရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့် လက်ရှိ လီဗာပူးအသင်းရဲ့ ခံစစ်ကြောင်းမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ခံစစ်မှူးဟာ မာတစ် တစ်ဦးတည်းသာ ကျန်ရှိနေပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် တစ်ယောက် ခံစစ်ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။