လီဗာပူးလ်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာအတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုကို စတင်ပြုလုပ်လိုက်ပြီဆိုပြီး ဒီနေ့မနက်ခင်းလောက်မှာပဲ သတင်းဌာနများစွာကနေ ဖော်ပြလာခဲ့ပေမယ့် တကယ်တမ်းမှာ လီဗာပူးလ်ဘက်က ဘာကမ်းလှမ်းမှုမရှိသေးဘူးလို့ Sky Sports ဂျာမန်သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုဟာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားခဲ့ကာ သူအရမ်းသဘောကျရတဲ့ နည်းပြယာဂင်ကလော့ရဲ့လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်ဘက်ကလည်း သီယာဂိုကို အမှန်တကယ် စိတ်ဝင်စားနေတာဆိုပေမယ့် ကမ်းလှမ်းမှုတွေကိုတော့ ဘိုင်ယန်ဘက်က အလိုရှိနေတဲ့ ယူရိုသန်း(၃၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတာကြောင့် အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖို့ မနီးစပ်လာခဲ့ပဲ တဖြည်းဖြည်းနဲ့ နောက်ဆုတ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီလိုအခြေအနေဖြစ်နေချိန်မှာပဲ လီဗာပူးလ်ဘက်ကနေ သီယာဂိုအတွက် တရားဝင်ကမ်းလှမ်းမှုတစ်ရပ်ကို စတင်လုပ်ဆောင်လိုက်ပြီဆိုပြီး ဒီမနက်အစောပိုင်းလောက်မှာ သတင်းတွေ ထွက်ပေါ်လာခဲ့လို့ သီယာဂိုနဲ့ လီဗာပူးလ်တို့ အခြေအနေကောင်းလောက်ပြီလို့ ထင်ခဲ့ရပေမယ့်လည်း ညနေပိုင်း Update တတ်လာခဲ့တဲ့ သတင်းထဲမှာတော့ လီဗာပူးလ်ဘက်ကနေ သီယာဂိုအတွက် ဘာကမ်းလှမ်းချက်ကိုမှ မလုပ်ဆောင်ခဲ့ဘူးလို့ ဖော်ပြလာခဲ့ပါတယ်။ ဘိုင်ယန်ဘက်က သူတို့ကစားသမားကို ရောင်းချဖို့ အဆင့်သင့်ဖြစ်နေသလို ကစားသမားကလည်း အသင်း ထွက်ခွာတော့မှာ သေချာနေတဲ့ အနေအထားမျိုးမှာ အပြောင်းအရွှေ့ အထမြောက်ဖို့က လွယ်ကူပေမယ့် လီဗာပူးလ်ဘက်က စျေးကစားသလို လုပ်ဆောင်နေတဲ့အပေါ် ဘိုင်ယန်ရော သီယာဂိုပါ စိတ်ပျက်လာနိုင်ပြီး ဒီနောက်ပိုင်း သီယာဂိုဘက်ကို မြှားဦးလှည့်လာကြတဲဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတွေဆီကိုပဲ ပြောင်းရွှေ့သွားနိုင်ပါတယ်။ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကလည်း ဘိုင်ယန်မှာ နည်းပြခဲ့စဉ်တုန်းက သူကိုယ်တိုင် အသင်းဆီ ခေါ်ဆောင်ခဲ့ဖူးတဲ့ ဒီကစားသမားကို မန်စီးတီးအသင်းဆီပါ ထပ်မံခေါ်ဆောင်ချင်နေကာ ပြောင်းရွှေ့ကြေးရော လုပ်ခလစာပါ လီဗာပူးလ်ထက် ပိုပေးဖွယ်ရှိနေပါတယ်။