ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အစောဆုံး ပရီးမီးယားလိဂ်ပွဲ ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ လီဗာပူးတို့ရဲ့ ပွဲမှာတော့ အဆင့်၂၀နေရာကို ရောက်နေတဲ့ နော်တင်ဟမ် ဖောရက်စ်က လီဗာပူးကို သူတို့ရဲ့ လူငယ် ကစားသမားဟောင်း အေဝိုနီရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်က လီဗာပူးနဲ့ ပွဲစဉ်မတိုင်မီ ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၁၁ပွဲမှာ ၁ပွဲသာ အနိုင်ရရှိထားတဲ့ အထိ အခြေအနေ ဆိုးရွားနေတဲ့ အသင်း ဖြစ်ပြီး သူတို့ရဲ့ ဆိုးရွားလှတဲ့ ရလဒ်ကြောင့်ပဲ အမှတ်ပေးဇယားရဲ့ အောက်ခြေကို ရောက်ရှိနေခဲ့ပါတယ်။

Photo Credit: Football 365

ဒါပေမယ့် နော်တင်ဟမ် ဖောရက်စ်က လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတဲ့ ပွဲစဉ်မှာတော့ ဒီရာသီ သူတို့အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြီး နော်တင်ဟမ် ဖောရက်စ် ၁-၀ လီဗာပူး ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ်ရဲ့ ကစားသမားတွေဟာ တိုက်စစ် ၊ ခံစစ်ကို မျှတအောင် ကစားသွားနိုင်ခဲ့ကာ တိုက်စစ် ကစားသမားတွေက ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့သလို ဟန်ဒါဆန် ဦးဆောင်နေတဲ့ ခံစစ်ကြောင်းကလည်း လီဗာပူးရဲ့ ဂိုးသွင်းခွင့်တွေကို စွမ်းစွမ်းတမံ ကာကွယ်ရင်း အနိုင် ၃မှတ်ကို အရယူသွားခဲ့ကြပါတယ်။

တဖက်မှာတော့ ပြီးခဲ့တဲ့ တပတ်ကမှ အိမ်ကွင်း အန်ဖီးလ်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် ကစားထားတဲ့ လီဗာပူးက နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ ပုံမှန် ခြေစွမ်းကောင်းကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဖာမီနို ၊ ဆာလာတို့ ဦးဆောင်ခဲ့တဲ့ တိုက်စစ်ပိုင်းဟာ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချနိုင်ခဲ့သလို ဗန်ဒိုက်နဲ့ မီလ်နာ ဦးဆောင်ခဲ့တဲ့ ခံစစ်ကြောင်းကလည်း ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ဟန့်တားနိုင်စွမ်း နည်းပါးခဲ့ပါတယ်။

Photo Credit: Football 365

အထူးသဖြင့် လီဗာပူးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ဟာ အတော်လေးကို ဆိုးဝါးတဲ့ အနေအထား တရပ်မှာ ရှိနေပြီး လီဗာပူးက ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းပွဲ ၅ပွဲ ကစားထားရာ ၂ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း ရမှတ် ၁၅မှတ် ရယူနိုင်မယ့် အနေအထားမှာ ရမှတ် ၂မှတ်သာ စုဆောင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးက အဆိုပါ အဝေးကွင်း ၅ပွဲမှာ သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပေးဂိုးကတော့ ၈ဂိုး အထိ ရှိနေခဲ့ပါတယ်။

ဒါဟာ လီဗာပူးလို ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတသင်း အတွက် ဘယ်လိုမှ လက်သင့်ခံစရာ မကောင်းတဲ့ ရလဒ်ဆိုးတွေ ဖြစ်ပြီး လီဗာပူးနည်းပြ ကလော့ပ်အနေနဲ့ ဒီရာသီမှာ ဆုဖလား တလုံးကို ကိုင်မြှောက်ချင်တယ် ဆိုရင်တော့ အဝေးကွင်းမှာ သွားကစားတိုင်း ရလဒ်တွေ ၊ ခြေစွမ်းတွေ ဆိုးရွားနေတာကို အရင်ဆုံး ပြင်ဆင်နိုင်ဖို့ လိုအပ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။