ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အေစီမီလန်အသင်းကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ အုပ်စုပွဲစဉ် အားလုံးကို အနိုင်ရရှိတဲ့ ပထမဦးဆုံး အင်္ဂလန်အသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သေမင်းတမန် အုပ်စုလို့ တင်စားခံထားရတဲ့ အုပ်စုB အတွင်းမှာ အက်သလက်တီကို မက်ဒရစ်အသင်း ၊ အေစီမီလန်အသင်း ၊ ပေါ်တိုအသင်းတို့နဲ့ အတူတကွ ကျရောက်ခဲ့တာကြောင့် နောက်တဆင့် တက်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဝေဖန်သူတွေ မှားယွင်းကြောင်း အလုပ်နဲ့ သက်သေပြသွားခဲ့ပါတယ်။

Photo Credit: Metro

လီဗာပူးအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တိုင်းကို အနိုင်ရလဒ် ရရှိအောင် ကစားကာ ချန်ပီယံခြေစွမ်း ပြသနိုင်ခဲ့ပြီး အဆိုပါ ၆ပွဲမှာ စုစုပေါင်း ၁၇ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုးကလည်း ၆ဂိုးသာ ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဘောလုံးရေးရာ သုံးသပ်သူတွေက လီဗာပူးအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေ အများဆုံး အသင်း၃သင်းထဲ တသင်း ဖြစ်ကြောင်း သုံးသပ်နေကြပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ သူတို့အသင်းရဲ့ ပြီးပြည့်စုံတဲ့ မှတ်တမ်းကောင်း အတွက် ဂုဏ်ယူမိကြောင်း အေစီမီလန်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

ကလော့ပ်က – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က လွယ်လွယ်နဲ့ ဂုဏ်ယူတတ်တဲ့ လူတယောက်တော့ မဟုတ်ပါဘူး။ ဒီညမှာတော့ ကျွန်တော်ံရဲ့အသင်း အတွက် ဂုဏ်ယူမိပါတယ်။ ဒီညမှာ ကျွန်တော်တို့က အရမ်းကို ကောင်းတဲ့ ကစားပုံ တခုကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အုပ်စုပွဲစဉ် ၆ပွဲစလုံး အနိုင်ရခဲ့လို့ ဆိုတဲ့ အကြောင်းပြချက် တခုထဲ အတွက် ဂုဏ်ယူမိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားပုံက အရမ်းကို ကောင်းခဲ့လို့ ဂုဏ်ယူမိတာပါ။ ကျွန်တော်တို့ လူစာရင်း ပြောင်းလဲမှု များစွာ ပြုလုပ်နိုင်ခဲ့ပေမယ့် ကောင်လေးတွေက အကောင်းမွန်ဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့က သူတို့ရဲ့ ခြေစွမ်း ဘယ်လောက်အထိ ကောင်းလဲ ဆိုတာကို ယုံကြည်ချက်ရှိရှိနဲ့ သက်သေပြနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပါ။