လီဗာပူးလ်အသင်းက လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ကစားသမားတွေများထဲမှာ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိနေပေမယ့်လည်း ကွင်းလယ်လူ နာဘေးကီတာကိုတော့ အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

လာမယ့်ဇွန်လအတွင်းမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားက (၄)ဦးအထိကို ရှိလို့နေပြီး ဒီထဲကမှ တိုက်စစ်မှူး ဖာမီနိုနဲ့ ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မီနာတို့ကို စာချုပ်သက်တမ်းဖို့ လုပ်ဆောင်နေတာဖြစ်ကာ နောက်ထပ် ကစားသမားနှစ်ဦးဖြစ်တဲ့ ကီတာနဲ့ ချိန်ဘာလိန်တို့ကိုတော့ အသင်းကနေ ထွက်ခွာပေးသွားဖွယ် ရှိနေပါတယ်။ လက်ရှိ အသင်းတိုက်စစ်မှာ မိုဆာလာ ဒါဝင်နူးနက်ဇ် ကိုဒီဂက်ပို လူးဝစ်ဒီးယက်ဇ်နဲ့ ဂျိုတာတို့ ရှိနေပေမယ့်လည်း လီဗာပူးလ်ဘက်ကတော့ ၂၀၁၅ခုနှစ်ကတည်းက အသင်းကို ရောက်ရှိနေတဲ့ တိုက်စစ်မှူး ဖာမီနိုကို free transfer နဲ့ လက်မလွတ်သွားချင်ပဲ အသင်းမှာ နှစ်အနည်းငယ်လောက် ဆက်လက် ထားရှိချင်နေပါတယ်။

Image

Photo Credit : Twitter

လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိလို့နေပြီး အသင်းရဲ့ ကွင်းလယ်ကစားသမားတွေ စွမ်းဆောင်ရည်ကလည်း အားရစရာ အနေအထားမှာ ရှိမနေတဲ့အတွက် လာမယ့်နွေမှာ ဝုလ်ဗ် ကွင်းလယ်လူ မာသီးယပ်စ်နူးနက်စ် အပါအဝင် ကွင်းလယ်ကစားသမားတချို့ကို ခေါ်ယူသွားဖို့ ရှိနေပြီး ကီတာနဲ့ ချိန်ဘာလိန်တို့ကိုပါ အသင်းကနေ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေပါတယ်။ လီဗာပူးလ်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို လာမယ့်နွေမှာ အသေအချာ ပြုပြင်မွမ်းမံသွားဖို့ ရှိနေတာဖြစ်လို့ အသင်းမှာ အဆင်မပြေနိုင်တော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး အသင်းအတွက် မဖြစ်မနေ ခေါ်ယူသွားရမယ့် ကစားသမားတွေကိုလည်း ခေါ်ယူသွားရနိုင်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ဒီနှစ်ရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)ထိ ရောက်ရှိနေသလို အဆင့်(၄)နေရာနဲ့ အမှတ်ကွာဟချက် များပြားနေတာကြောင့်လည်း လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က ခက်ခဲသွားခဲ့ရသလို မျှော်မှန်းစရာကလည်း ချန်ပီယံလိဂ်ဖလားပဲ ရှိတော့တာ ဆိုပေမယ့်လည်း ရှုံးထွက်ပွဲစဉ် အစပိုင်းမှာပဲ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒါဟာလည်း လီဗာပူးလ်အတွက် လုံးဝ မလွယ်ကူနိုင်ပဲ ဖြစ်နေရပါတယ်။