လီဗာပူးလ်အသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာ ကွင်းလယ်ပိုင်းတွေအတွက်ပဲ အလက်ဆစ် မက်အယ်လစ္စတာ နဲ့ ဒိုမနစ် ဆိုဘိုဆလိုင်းတို့ကိုသာ ခေါ်ယူထားခဲ့ပေမယ့်လည်း လက်ရှိမှာ အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွာတော့မှာမို့ ကွင်းလယ်အတွက် နောက်ထပ် ကစားသမားသစ် တစ်ဦးခန့်လောက် ရှာဖွေနေတယ်လို့ သိရပါတယ်။

Photo Credit : Twitter

လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ် တစ်ခုအထိ ပါဝင်ကစားထားခဲ့တဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဟန်ဒါဆန်ဟာ လက်ရှိမှာ လီဗာပူးလ် ဂန္တဝင်ကြီး စတီဗင် ဂျရတ်ရဲ့ ကလပ်အသင်းသစ် အယ်လ်အယ်တီဖက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ လက်ခံလိုက်တာကြောင့် ကလပ်နှစ်သင်းကြား ဟန်ဒါဆန် ပြောင်းရွှေ့ကြေးကိုသာ ဆက်လက် ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်က သူတို့ ကစားသမားကြီးကို အလွတ်နဲ့ လက်မလွတ်ချင်ပဲ ပြောင်းရွှေ့ကြေး ပေါင် (၁၀)သန်းလောက်အထိ အလိုရှိနေပါတယ်။

လက်ရှိမှာ ဟန်ဒါဆန်က ဆော်ဒီကို သွားဖို့ ရှိနေတဲ့အပြင် နောက်ထပ် လီဗာပူးလ် ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ဖာဘင်ဟို တီယာဂိုဟိုတို့ရဲ့ အနာဂတ်တွေကလည်း မရေမရာ ဖြစ်လို့နေပြီး လီဗာပူးလ်အနေနဲ့ ဖာဘင်ဟိုအတွက် ဆော်ဒီ ကမ်းလှမ်းချက်ကို ပယ်ချဖို့ ရှိကာ ဟန်ဒါဆန် နဲ့ တီယာဂိုတို့ကိုသာ အသင်းက ထွက်ခွာခွင့်ပြုနိုင်ပါတယ်။

Photo Credit : Twitter

ဒီကစားသမား နှစ်ဦး ထွက်ခွာသွားရင်လည်း လီဗာပူးလ်အနေနဲ့ ဒီရာသီအတွက် တတိယမြောက် ကွင်းလယ် ကစားသမားသစ်တစ်ဦးကို ထပ်မံ ခေါ်ယူရဖွယ် ရှိနေပြီး လတ်တလောမှာတော့ ဆောက်သမ်တန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ရိုမီရို လာဗီယာကို အဓိက ပစ်မှတ်ထားလို့နေကာ သူတို့ရဲ့ ပစ်မှတ်ဟောင်းတွေဖြစ်တဲ့ နိုက်စ် ကွင်းလယ်လူ ကီဖရန် သူရမ် နဲ့ မိုချန်ဂလာဘတ် ကွင်းလယ်လူ မာနူ ကိုနေးတို့ကိုလည်း ပြန်လည် ကြိုးပမ်းဖွယ်လည်း ရှိနေပါတယ်။