လီဗာပူးလ်အသင်းက လာမယ့်နွေမှာ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးပမ်းမှာ မဟုတ်ဘဲ ကစားသမားကိုယ်တိုင် အသင်းကနေ ထွက်ခွာချင်မှသာ ကမ်းလှမ်းမှုတွေ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

အသက်(၂၅)နှစ်အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်ဟာ ဆိုစီဒက်ကနေ နယူးကာဆယ်ဆီ ရောက်ကတည်းက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် အတော်လေး ခြေစွမ်းပြသနေသလို ဒီရာသီထဲမှာလည်း ပြိုင်ပွဲစုံ (၃၁)ပွဲကစား (၂၃)ဂိုးသွင်းပြီး (၅)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၉)ဂိုး သွင်းယူရင်း ဆာလာ ဟာလန်းတို့ရဲ့နောက် တတိယမြောက် ဂိုးသွင်းအများဆုံးအဖြစ်ပါ ရပ်တည်နေပါတယ်။

Photo Credit : Football365

မနှစ်ကဆိုရင်လည်း ပရီးမီးယားလိဂ်မှာ (၂၁)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့တဲ့ အီဆက်ခ်ကို အာဆင်နယ် ချယ်လ်ဆီး ဘာစီလိုနာတို့က စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး နယူးကာဆယ်ကလည်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရတဲ့ အီဆက်ခ်အတွက် တန်ကြေးကို ပေါင်သန်း(၁၅၀)အထိတောင် သတ်မှတ်ထားပါတယ်။

တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ကလပ်အသင်းကြီးတွေ အီဆက်ခ်ကို ပစ်မှတ်ထားနေသလို လီဗာပူးလ်အသင်းကလည်း နွေမှာ အသင်းကနေ ဂျိုတာ ဒါမှမဟုတ် နူးညက်ဇ်တို့လို တိုက်စစ်မှူးတွေထဲက တစ်ဦးဦးနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနိုင်လို့ သူတို့လည်း အီဆက်ခ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြထားပါတယ်။

Photo Credit : FourFourTwo

ဒါပေမယ့် လီဗာပူးလ်က အီဆက်ခ်ကို တခြားကလပ်အသင်းတွေနဲ့အပြိုင် အသည်းအသန် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ထက် အီဆက်ခ်ကိုယ်တိုင် နယူးကာဆယ်ကနေ ထွက်ခွာချင်တယ်ဆိုမှသာ ကြိုးပမ်းမှုတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ဒီရာသီမှာ နယူးကာဆယ်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်ပြီး လွဲချော်ရဦးမယ်ဆိုရင် အီဆက်ခ်ကိုပါ ဆုံးရှုံးသွားရနိုင်ခြေ ရှိနေပါတယ်။

အီဆက်ခ်ဟာ နယူးကာဆယ်နဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းတစ်ရပ် ကျန်ရှိနေသူ ဖြစ်တဲ့အပြင် သူရဲ့ လက်ရှိအသက်အရွယ်နဲ့ ခြေစွမ်းပိုင်းတွေအရ နယူးကာဆယ်အနေနဲ့ အီဆက်ခ်အတွက် အနည်းဆုံး ပေါင်သန်း(၁၀၀)လောက်အထိ တန်ကြေးသတ်မှတ်လာနိုင်သလို လာမယ့်နွေမှာပဲ အီဆက်ခ် အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖွယ် ရှိနိုင်ပါတယ်။