ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင်ကတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လိဂ်ပြိုင်ပွဲတွေကို ဖျက်သိမ်းရမယ် ဆိုရင် လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ် ဖလား မရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါ ကြောင့် လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားထားပြီး လီဗာပူးလ်အသင်းက ရမှတ် (၂၅) မှတ်ဖြတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အချို့ ဘောလုံး သုံးသပ်သူတွေက ဘောလုံး ပွဲစဉ်တွေကိုသာ ဆက်လက် ရပ်နားသွားမယ် ဆိုရင် လက်ရှိရာသီကို မပြီးဆုံးနိုင်ဘဲ ပယ်ဖျက်ရလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။

Photo Credit: Dailymail

အချို့ အသင်း ဥက္ကဌ နဲ့ ဘောလုံး ကစားသမားဟောင်းတွေကတော့ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိသင့်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင်ကတော့ လက်ရှိရာသီကို မပြီးဆုံးရင် အဆင့် (၁) နေရာမှာ ရပ်တည်နေရုံနဲ့ ဆုဖလားကို မရရှိနိုင်ဘူးလို့ အတည်ပြု ပြောသွားခဲ့ပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဆီဖရင်ကတော့ လက်ရှိအချိန်မှာ အဆင့် (၁) ရရှိနေတဲ့ အသင်းက လိဂ် ဖလား ရရှိမယ် ဆိုရင် သတင်းတုတွေ ဖြစ်တယ်လို့ ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit: Dailymail

ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင်က “ကျွန်တော် သတင်းအတုတွေကို ကြားလည်း ကြားရပြီး မြင်လည်း မြင်ရပါတယ်။ အဲဒီသတင်းတုကတော့ ယူအီအက်ဖ်အေက လိဂ်ပြိုင်ပွဲတွေကို ပြိုင်ပွဲ ပြီးဆုံးနိုင်အောင် အကြံပေးသွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အဆင့် (၁) ရနေတဲ့ အသင်းက ဆုဖလား ရရှိမယ့် အသင်း ဖြစ်သွားမယ် ဆိုတာပါပဲ။ အဲဒီလိုသတင်းတွေ မမှန်ဘူး ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လိဂ် ပြိုင်ပွဲတွေ ပြီးဆုံးဖို့ပါပဲ။ ကျွန်တော် အဲဒီလိုဟာမျိုးကို ဘယ်ဘောလုံးအဖွဲ့အစည်း ဒါမှမဟုတ် ဘယ်လိဂ်ပြိုင်ပွဲတွေကိုမှ မပြောခဲ့ကြပါဘူး”လို့ ပြောခဲ့ပြီး သတင်းအတုတွေကို မယုံကြည်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။