လီဗာပူးလ်အသင်းဟာ လက်ရှိ အသင်းမှာ ခြေစွမ်းတအားပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ဆာလာက မကြာခင်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီဖြစ်ပြီး အခုထိ စာချုပ်သစ် ကိစ္စဟာလည်း မရေရာသေးတာကြောင့် သူ့နေရာမှာ အစားထိုးမယ့် ကစားသမားကိုပါ ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင် တောင်ပံကစားသမား ဆာလာဟာ ရိုးမားကနေ လီဗာပူးလ်အသင်းဆီ ရောက်လာကတည်းက အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် အကောင်းဆုံး စွမ်းဆောင်ပေးလျက် ရှိနေပေမယ့်လည်း လက်ရှိမှာတော့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့က နီးစပ်နေရပြီး စာချုပ်ကိစ္စကလည်း ထူးမခြားနား ဖြစ်နေပါတယ်။

Photo Credit : Opta Analyst

ဆာလာက ဒီရာသီမှာ လီဗာပူးလ်အတွက် အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်ထားပြီး ၂၀၂၅ ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့ အခြေအနေကောင်းနေသည့်တိုင် သူရဲ့ စာချုပ်ကိစ္စက တိုးတက်လာခြင်း မရှိသေးသလို ဆာလာကိုလည်း အသင်းအများစုက စောင့်ကြည့်နေပြီး လီဗာပူးလ်ကလည်း ဆာလာနေရာအတွက် ကစားသမားတွေကို ချိန်ရွယ်နေပါတယ်။

လက်ရှိမှာ လီဗာပူးလ်နဲ့ ပစ်မှတ်ထားနေတဲ့ ကစားသမားက အတ္တလန်တာအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား အဒီမိုလာ လွတ်ခ်မန်းပဲ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ် ကစားသမားဟာ နောက်ချန်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်လုံး ကစားနိုင်သူ ဖြစ်သလို လက်စတာ ဖူလ်ဟမ်နဲ့ အဲဗာတန်တို့လို ပရီးမီးယားလိဂ် အသင်းတွေမှာပါ ကစားခဲ့ဖူးပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ရာသီတုန်းက အတ္တလန်တာနဲ့အတူ တောက်ပခဲ့ပြီး အာဖရိက အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့တဲ့ လွတ်ခ်မန်းဟာ အတ္တလန်တာနဲ့ ကလပ် ဘရုဂေးတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့ရာကနေ နည်းပြဂက်စပါရီနီနဲ့ အဆင်မပြေဖြစ်ရင်း အသင်းကနေ ထွက်ခွာသွားဖို့အထိပါ ဖြစ်လာရပါတယ်။

ဒီလို အခြေအနေ ရှိနေတဲ့ လွတ်ခ်မန်းကို လီဗာပူးလ် အပါအဝင် ကလပ်အသင်းတွေက စိတ်စားနေကြပြီး လွတ်ခ်မန်းနဲ့ အတ္တလန်တာအသင်းတို့ကြားက စာချုပ်သက်တမ်းကလည်း ၂၀၂၆ခုနှစ်အထိသာ ကျန်ရှိနေတော့တာဖြစ်လို့ ဒီနွေမှာ လွတ်ခ်မန်းအနေနဲ့ အတ္တလန်တာကနေ သေချာပေါက် ထွက်ခွာရနိုင်ဖွယ် ရှိနေပါတယ်။