မနှစ်က ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာတော့ သူတို့အသင်းနဲ့ နှစ်ပေါင်းမြောက်များစွာ ဝေးကွာလို့နေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်ရနိုင်ဖို့အတွက် အဓိကပစ်မှတ်ထား ကြိုးပမ်းနေခဲ့ရာ ပွဲစဉ်(၂၉)အထိ ကစားထားပြီးနောက်မှာ ဒုတိယနေရာက မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ်(၂၅)မှတ်အထိကို ဖြတ်တောက်ထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လွဲပြောင်းရယူဖို့ အခြေအနေအကောင်းဆုံးမှာ ရှိလို့နေပါတယ်။

Photo Credit : The Sun

ဒါပေမယ့် လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့ရတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ကို အချိန်တွေ နောက်ဆုတ်ခဲ့ရပေမယ့် တကယ်လို့သာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်နိုင်ခဲ့လို့ ပွဲစဉ်(၂)ပွဲလောက် အနိုင်ရခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်တို့ သူတို့အသင်းနဲ့ အနှစ်(၃၀)ကျော်ကြာလာလောက် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားကိုင်မြှောက်ရမယ့် နေ့ရက်မှာတော့ သူတို့ရဲ့အောင်ပွဲခံမှုကို ပရိသတ်တွေ မပါဝင်ပဲနဲ့သာ ကျင်းပရမှာဖြစ်ပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှုဆောင်ချုပ် ရစ်ချက်မာစတာက ပရီးမီးယားလ်ဂ်ချန်ပီယံ ဖြစ်လာမယ့် ကလပ်အသင်းက ချန်ပီယံဆုအောင်ပွဲခံမယ့်နေ့မှာ ထုံးစံအတိုင်း ကျင်းပခွင့်ရရှိမှာဖြစ်ပေမယ့်လည်း ပရိသတ်တွေမပါဝင်တဲဲ့ ကွင်းအတွင်းမှာသာ ကျင်းပခွင့်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလို့သွားခဲ့ပါတယ်။ မာစတာက “အားလုံးက ဖြစ်နိုင်ပါတယ်။ အောင်ပွဲခံတဲ့ အခမ်းအနားပွဲရော ကွင်းအတွင်း ဆုဖလားချီးမြှင့်မှုရောပေါ့။ ဘောလုံးရာသီတစ်ခုလုံး စွမ်းစွမ်းတမံ ကြိုးစားထားခဲ့ရတဲ့ ဘောလုံးသမားတွေနဲ့ အသင်းရဲ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနနဲ့ ဆုပေးပွဲကိုတော့ ရအောင်စီစဉ်ရမှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ကြိုးစားသွားမယ်။ စိတ်ပူစရာ အခြေအနေတွေ မဖြစ်လာအောင်ကိုလည်း စီစဉ်ပါမယ်။ ဒါပေမယ့် ချန်ပီယံဆုပေးမယ့် အစီအစဉ်ထက်စာရင်တော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အဆုံးသတ်နိုင်ဖို့က ပိုအရေးကြီးပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ပရိသတ်မပါဝင်တဲ့ ကွင်းအတွင်း ပရိသတ်တွေရဲ့ အားပေးသံအတုတွေကို ကွင်းထဲ လော်စပီကာကြီးတွေနဲ့ ဖွင့်လှစ်ထားဖွယ်ရှိနေပါတယ်။