လီဗာပူးလ်အသင်းကတော့ လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ အသင်းရဲ့နယ်သာလန်ကွင်းလယ်ကစားသမား ဂျော်ဂျီနီအိုဝိုင်နယ်ဒန်ကို လက်လွတ်ရတော့မှာဖြစ်တဲ့အတွက် ဒီကစားသမားရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့အတွက် ကွင်းလယ်လူတစ်ယောက်ကို ရှာဖွေလျက်ရှိနေပြီး လက်ရှိမှာတော့ မိုချန်ဂလာဘတ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဖလော်ရီယန်နွိုက်ဟောက်စ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေလျက်ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်နဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေရတဲ့အပြင် ကစားသမားကိုလည်း ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေက ပစ်မှတ်ထားနေတာကြောင့် ကစားသမားကို လက်လွတ်ရဖို့သာ အခြေအနေများနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးလ်အသင်းက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဂျာမန်ကွင်းလယ်လူ နွိုက်ဟောက်စ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Youtube

အသက်(၂၃)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား နွိုက်ဟောက်စ်ဟာ ဂျာမန်နိုင်ငံ မြူးနစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၁၈၆၀ မြူးနစ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။ ဒီအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ ၂၀၁ရခုနှစ်မှာပဲ မိုချန်ဂလာဘတ်အသင်းဆီကို နှစ်ရှည်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒူဆယ်ဒေါ့လ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ချက်ချင်းပြောင်းရွှေ့ခဲ့သလို လက်ရှိမှာတော့ မိုချန်ဂလာဘတ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ကစားလို့နေတာဖြစ်ပါတယ်။ နွိုက်ဟောက်စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မိုချန်ဂလာဘတ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ပွဲ ပါဝင်ကစားခဲ့ပြီး (၆)ဂိုးသွင်းယူထားခဲ့သလို (၆)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ နွိုက်ဟောက်စ်ဟာ ကွင်းလယ်ဗဟိုနေရာမှာ အဓိကထားပြီး ပါဝင်ကစားခဲ့သူဖြစ်ပြီး ကွင်းလယ်တိုက်စစ်နေရာမှာပါ ပါဝင်ကစားတတ်သူလည်းဖြစ်လို့ လီဗာပူးလ်အသင်းဘက်ကနေ ဒီကစားသမားကို အဓိကပစ်မှတ်ထားနေတာဖြစ်တယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။ မိုချန်ဂလာဘတ်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)ဝန်းကျင်လောက်အထိ အလိုရှိနေပြီး သူ့ကို လီဗာပူးလ်အပြင် စပါးအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။