ပူပူနွေးနွေး အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တဲ့ လီဗာပူးအသင်းကတော့ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ နာပိုလီ အသင်းရဲ့ ဗဟိုခံစစ်မှူး ကူလီဘလီကို ခေါ်ယူဖို့ ကမ်းလှမ်းတော့မှာ မဟုတ်ကြောင်း အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ နာမည်ကျော် သတင်းမီဒီယာတစ်ခု ဖြစ်တဲ့ Daily Express ရဲ့ ဖော်ပြချက်အရ လီဗာပူး အသင်းဟာ လာမယ့် ရာသီမှာ အားကောင်းတဲ့ ကစားသမားစုဖွဲ့မှုကို ရရှိလိုတာကြောင့် ဂိုမက် ၊ မာတစ်နဲ့ ဗန်ဒိုက်တို့ သုံးဦးသာ အမာခံ ဗဟို နောက်ခံလူတွေ အဖြစ် ရှိနေတဲ့ ဗဟိုခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် နာပိုလီအသင်းကနေ ထွက်ခွာမယ့် ကူလီဘလီကို ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့သေးပေမယ့် လက်ရှိအချိန်မှာ စိတ်ပြောင်းသွားခဲ့ပြီလို့ သိရပါတယ်။

Photo Credit: Metro

အသက်၂၉နှစ်အရွယ် ဆီနီဂေါ ခံစစ်မှူး ကူလီဘလီဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဗဟို နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ ဗန်ဒိုက်နဲ့အတူ တွဲဖက်ပြီး ကစားနိုင်ဖို့အတွက် လီဗာပူးအသင်းဟာ ကူလီဘလီကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Daily Expresa သတင်းစာရဲ့ အဆိုအရ လတ်တလော မှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီတွေဟာ ပြောင်းလဲ သွားပြီ ဖြစ်ကြောင်း သိရကာ အဆိုပါ ပြောင်းလဲသွားတဲ့ ပေါ်လစီ ကြောင့်ပဲ လီဗာပူးအသင်းဟာ ကူလီဘလီကို ခေါ်ယူဖို့ ကြိုးစားမှုတွေ အားလုံးကို ရပ်တန့်ခဲ့ကြောင်းလည်း သိရပါတယ်။ လီဗာပူးအသင်းရဲ့ ပြောင်းလဲသွားတဲ့ ပေါ်လစီကတော့ အသက်၃၀ နားနီးတဲ့ ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေကာ မခေါ်ယူတော့ဘူးဆိုတဲ့ အချက်ပါပဲ။

Photo Credit: Metro

ကူလီဘလီဟာ အသက်၂၉နှစ်အရွယ် ရှိနေပြီ ဖြစ်သလို သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ နာပိုလီအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းနဲ့ အထက် ပေးချေရဖို့ ရှိတာကြောင့် လီဗာပူးအသင်းဟာ ကူလီဘလီကို မခေါ်ယူတော့ပဲ အခြား ငယ်ရွယ်တဲ့ ခံစစ်မှူးတွေကို ပြောင်းလဲ ပစ်မှတ်ထားသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကူလီဘလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းဟာ လီဗာပူးအသင်း တစ်သင်းတည်း မဟုတ်ပဲ လီဗာပူးအသင်းရဲ့ ပြိုင်ဘက် မန်စီးတီးအသင်းဟာလည်း ကူလီဘလီကို ခေါ်ယူဖို့ ချိတ်ဆက်လို့ နေပါတယ်။ မန်စီးတီး အသင်းဟာ လာပေါ်တေ တစ်ဦးတည်းသာ အသင်းရဲ့ အမာခံ ဗဟို နောက်ခံလူအဖြစ် ရှိနေတဲ့ အချက်ကို ပြင်ဆင်ဖို့အတွက် ကူလီဘလီကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး နာပိုလီအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေးချေဖို့ အသင့်ရှိနေတာကြောင့် ကူလီဘလီဟာ မန်စီးတီးအသင်းထံကို ရောက်ရှိသွားနိုင်ချေ ရှိပါတယ်။