မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အေဂျက်စ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ်အတွင်းမှာ ဧည့်သည်လီဗာပူးလ်အသင်းက ပြိုင်ဘက်အသင်းသား နောက်ခံကစားသမား တာဂလီယာဖီဂိုရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုကနေ တစ်ဂိုးတည်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အေဂျက်စ်အသင်းရဲ့နည်းပြဖြစ်သူ တန်ဟတ်ချ်က ပြိုင်ဘက်လီဗာပူးလ်အသင်းမှာ အားနည်းချက်တွေများစွာ ရှိခဲ့ပြီး ဒါကို သူတို့အသင်းဘက်က အကောင်းဆုံးအသုံးမချနိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Optus Sports

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလီဗာပူးလ်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ သိပ်ကောင်းမွန်ထားခြင်းမရှိပဲ ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက်ကို နိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာတော့ အိမ်ရှင်အေဂျက်စ်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပြီး နိုင်ပွဲပျောက်နေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်က မနေ့ညက ပွဲစဉ်အတွင်းမှာ အနိုင်ရသွားခဲ့ပေမယ့် လီဗာပူးလ်ဘက်မှာ အားနည်းချက်တွေ အများကြီးရှိနေပြီး သူတို့အသင်းကသာ ဒါကို အသုံးမချနိုင်ခဲ့လို့ ရလဒ်မကောင်းခဲ့ရတာလို့ အေဂျက်စ်နည်းပြတန်ဟတ်ချ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

တန်ဟတ်ချ်က “ကျွန်တော်တို့အသင်းအနေနဲ့ တစ်မှတ် ဒါမှမဟုတ် ပိုများတဲ့အမှတ်မျိုးကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် အပိုဆုအကြီးစားကြီးကို ရလိုက်သလို ဖြစ်သွားရမှာပါ။ လီဗာပူးလ်က ဒီပွဲမှာ အားနည်းနေခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကံဆိုးချင်တော့လည်း ကျွန်တော်တို့ဘက်ကလည်း ဒါကို အသုံးမချနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက စုစုစည်းစည်းနဲ့ အကောင်းဆုံးလည်း ကစားနိုင်ခဲ့တယ်။ ပိုပြီးသက်တောင့်သက်သာလည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့တွေ အနည်းငယ်လေး လွဲချော်ခဲ့ရတယ်။ အသင်းက အခွင့်အရေးတွေ အများကြီးလုပ်ဆောင်နိုင်သလောက် သွင်းဂိုးတွေကို မရယူနိုင်ခဲ့ဘူး။ ဒါက ဒီပွဲရဲ့အကြောင်းပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ပွဲစဉ်အတွင်း အဓိကနောက်ခံကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့မာတစ်တို့ ဒဏ်ရာပြသာနာကြောင့် ပါဝင်နိုင်ခြင်းမရှိလို့ ဂိုးမက်ဇ်နဲ့ ဖာဘင်ဟိုတို့ အတွဲအဖက်ကို အသုံးပြုလာခဲ့ရာကာ ဖာဘင်ဟိုက ဗဟိုခံစစ်နေရာမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဂိုးသမားအက်ဒရီယန်ကလည်း ကာကွယ်မှု(၄)ကြိမ် ပြုလုပ်ခဲ့ကာ တစ်ပွဲလုံးရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့လိုက်ရပါတယ်။