လက်ရှိ ကမ္ဘာပေါ်မှာ လူသားအားလုံးကို ဒုက္ခပေးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဆိုးကြီးကြောင့် မကြာခင်မှာ ကျင်းပဖို့ရှိနေတဲ့ ၂၀၂၀ခုနှစ် တိုကျို အိုလံပစ်အားကစားပြိုင်ပွဲကြီးကို လာမယ့် ၂၀၂၁ခုနှစ်အဖြစ် ရွှေ့ဆိုင်းလိုက်ရတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် ၂၀၂၁ခုနှစ်အတွင်းမှာ သူတို့ရဲ့အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလာကို အနည်းဆုံး(၃)လလောက် လက်လွတ်ရဖွယ်ရှိနေပါတယ်။ အကြောင်းကတော့ ဆာလာဟာ အီဂျစ်အသင်းနဲ့ အာဖရိကဖလားပြိုင်ပွဲကို ဆင်နွဲရဖို့ရှိနေတဲ့ ၂၀၂၁ခုနှစ်မှာ ပြန်လည်ကျင်းပမယ့် အိုလံပစ် ဘောလုံးပြိုင်ပွဲမှာလည်း အီဂျစ်အိုလံပစ်ဘောလုံးအသင်းနဲ့ ပါဝင်ရဦးမှာဖြစ်လို့ပါပဲ။

Photo Credit : Lovely Planet

ကင်မရွန်းနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၁ခုနှစ်ရဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၁ခုနှစ်ရဲ့ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲကြီးကိုတော့ ဇူလိုင်လကနေ သြဂုတ်လအထိ ကျင်းပမှာဖြစ်လို့ ဒီပြိုင်ပွဲကို အီဂျစ်အသင်းနဲ့ ဝင်ရောက်ဆင်နွဲမယ့် ဆာလာကို သူရဲ့ကလပ်အသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဘက်ကနေ (၄)လလောက်အထိကို လက်လွတ်ရနိုင်တာဖြစ်ပါတယ်။ ဒီလို နိုင်ငံလက်ရွေးစင်အသင်းအတွက် လများစွာ ကစားပေးဖို့ရှိနေတဲ့ ဆာလာနဲ့ပတ်သက်ပြီး လီဗာပူးလ်ဘက်ကနေ တားဆီးပိတ်ပင်လို့မရနိုင်ဘူး အီဂျစ်လက်ရွေးစင်ဟောင်း မီဒိုကနေ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

စပါးတိုက်စစ်မှူးဟောင်းမီဒိုက “ဆာလာက အီဂျစ်အသင်းအတွက် သေချာပေါက်ကို ကစားပေးရမှာပါ။ ဒါကို လီဗာပူးလ်အသင်းဘက်ကနေ လက်မခံတဲ့သဘောနဲ့ ငြင်းဆန်ပယ်ချခွင့်မရှိပါဘူး။ ဖီဖာမှာလည်း စည်းမျဉ်းတွေရှိပြီးသားပါ။ သူတို့အနေနဲ့ ဆာလာကို နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့အရေးမှာ တားဆီးပိုင်ခွင့်မရှိပါဘူး။ ဒါက ကစားသမားဘက်ကနေပဲ သူမကစားပေးချင်စိတ်မရှိဘူးဆိုတာကို ထုတ်ပြောခွင့်ရှိတာပါ။ ပရီးမီးယားလိဂ်မှာ ကစားနေကြတဲ့ အီဂျစ်ကစားသမားတိုင်းလိုလိုက အခုလို အလားတူပြသာနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် ၂၀၁၉ခုနှစ် အာဖရိကဖလားပြိုင်ပွဲကို နွေရာသီမှာ ကျင်းပခဲ့တဲ့အပေါ် ကျွန်တော်ဝမ်းမြောက်မိတာပါ။ ဆာလာက ကျွန်တော်တို့ နိုင်ငံအသင်းအတွက်ရော အိုလံပစ်အသင်းအတွက်ပါ အရေးကြီးတဲ့ ကစားသမားပါ။ သူ့ဆီမှာ အတွေ့အကြုံကောင်းတွေလည်း ရှိနေသလို ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းလည်း ရှိနေပါတယ်။ သူက ကွဲပြားခြားနားမှုကို ဖြစ်စေမှာပါ။ ဒါကြောင့်မို့ ဆာလာက အီဂျစ်လက်ရွေးစင်အသင်းအတွက်ရော အိုလံပစ်အသင်းအတွက်ပါ အထူးအရေးပါနေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။