လီဗာပူးလ်အသင်းက လာမယ့် နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတဲ့ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဝက်စ်ဟမ်း ကစားသမား မိုဟာမက် ကူဒက်စ်နဲ့ နယူးကာဆယ် ကြယ်ပွင့် အန်တိုနီ ဂေါ်ဒွန်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

အသက် (၃၁)နှစ်အရွယ် အီဂျစ် တိုက်စစ်မှူး ဆာလာက ၂၀၁၇ခုနှစ်ကတည်းကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် လီဗာပူးလ်ရဲ့ legend player တစ်ဦးလိုပါ ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီအကုန်မှာ အသင်းကနေ နည်းပြကြီး ယာဂန် ကလော့ပ်က ထွက်ခွာတော့မှာဖြစ်လို့ ဆာလာလို အသင်းရဲ့ အဓိက ကစားသမားတွေပါ အသင်းနဲ့ လမ်းခွဲဖွယ်လည်း ရှိနေပါတယ်။

Why West Ham will be without Mohammed Kudus after he was selected by Ghana  to play at the Africa Cup of Nations as Mohamed Salah starred for Liverpool  during their win over

Photo Credit : Daily Mail

ဆာလာလို လီဗာပူးလ်အတွက် အားထားရတဲ့ ကစားသမားတစ်ဦးကို လက်လွတ်ရမယ်ဆိုရင် ထိုးနှက်မှုတစ်ခု ဖြစ်လာနိုင်တာကြောင့် အခုအချိန်ကတည်းက ဆာလာနေရာမှာ အစားထိုးရနိုင်မယ့် ကစားသမားမျိုးကို အသေအချာ ရှာဖွေနေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ လီဗာပူးလ်က ဆာလာရဲ့ ညာတောင်ပံနေရာမှာ အစားထိုးဖို့အတွက် အင်္ဂလန် ညာတောင်ပံတိုက်စစ်ကစားသမား ဂေါ်ဒွန်နဲ့ ဂါနာ ညာတောင်ပံကစားသမား ကူဒက်စ်တို့ကို ချိန်ရွယ်လျက် ရှိနေပါတယ်။ ကစားသမား(၂)ဦးလုံးက အသက် (၂၃)အရွယ် ရွယ်တူတွေဖြစ်ပြီး ကူဒက်စ်ထက် ဂေါ်ဒွန်ကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ပိုများနေပါတယ်။

Photo Credit : Goal

အဲဗာတန် ကစားသမားဟောင်း ဂေါ်ဒွန်က လီဗာပူးလ်မြို့ဖွား ကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးလ် အကယ်ဒမီထွက်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဗာတန်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဂေါ်ဒွန်က ၂၀၂၃ ဆောင်းဈေးကွက်မှာပဲ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင် နယူးကာဆယ်ရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်လာတဲ့အထိ အကောင်းဆုံး ခြေစွမ်းပြထားနိုင်ပါတယ်။

ကူဒက်စ်ကတော့ ဒီရာသီမှ အေဂျက်စ်ကနေ ဝက်စ်ဟမ်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် တာအထွက်မှာပဲ (၇)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့သလို ဝက်စ်ဟမ်းအသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။