လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် စတုဂတ်အသင်းရဲ့ ကြယ်ပွင့် ကွင်းလယ်ကစားသမား အန်ဂျလို စတီလာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားကို ပြတ်ပြတ်သားသား ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီမှာ လက်ရှိ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒေါ့မနစ် ဆိုဘော့စ်လိုင်၊ အဲလက်ဆစ် မက်အလီစတာနဲ့ ရိုင်ယန် ဂရာဗန်ဘက်ချ်တို့အားလုံးဟာ အသင်းရဲ့ ကျောရိုးအဖြစ် ကောင်းကောင်း ပံ့ပိုးကူညီပေးနိုင်ခဲ့ကြပါတယ်။

Photo Credit : Transfermarket

ဒါပေမဲ့ ဘောလုံးရာသီရဲ့ နောက်ပိုင်းကာလတွေမှာတော့ ပင်ပန်းနွမ်းနယ်မှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ ပြိုင်ဘက်တွေရဲ့ ထိုးဖောက်ကစားတာကို ပိုမို ခံလာခဲ့ရတာကြောင့် ကွင်းလယ်ပိုင်း အင်အားဖြည့်တင်းဖို့က ပိုုမို လိုအပ်လာခဲ့တာ ဖြစ်နိုင်ပါတယ်။

ဂျာမန် သတင်းဌာန တစ်ခုဖြစ်တဲ့ Stuttgarter-Nachrichten က လီဗာပူးလ်ဟာ စတုဂတ် ကြယ်ပွင့် ကစားသမားကို အရင်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ဒီလာမယ့် နွေရာသီမှာ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားသွားဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စပိန်အခြေစိုက် Fichajes သတင်းဌာနကလည်း စတီလာရဲ့ နည်းဗျူဟာပိုင်း ရင့်ကျက်မှုနဲ့ ကွင်းလယ် အတွင်းပိုင်းကနေ ကစားကွက်ကို စတင် တည်ဆောက်နိုင်စွမ်းတွေက လီဗာပူးလ်နည်းပြ အာနယ် ဆလော့ကို အထင်ကြီးစေခဲ့ပြီး သူ့ကို နွေရာသီ ဦးစားပေး ခေါ်ယူရမယ့် ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

Photo Credit : TEAMtalk

Stuttgarter-Nachrichten ရဲ့ အဆိုအရ စတုဂတ်အသင်းဟာ အသက်(၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမား စတီလာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)အထိ တာင်းဆိုသွားဖွယ် ရှိနေပါတယ်။ အခြား သတင်းဖော်ပြချက်တွေအရလည်း လီဗာပူးလ်အသင်းဟာ ဒီလာမယ့် နွေရာသီမှာ စတီလာအတွက် အဲ့ဒီ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒရှိနေနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စတုဂတ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါ ကွန်းဖရန့်စ်လိဂ်ဝင်ခွင့် တစ်နေရာရရှိဖို့အတွက် အသည်းအသန် ကြိုးပမ်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် စတီလာကလည်း လာမယ့်နွေရာသီမှာ သူ့ရဲ့ ကစားသမားဘဝ အနာဂတ်ကို အပြီးသတ် မဆုံးဖြတ်ခင် လက်ရှိ အသင်းရဲ့ ရည်မှန်းချက်အပေါ်မှာပဲ အာရုံစိုက်ထားဖွယ် ရှိနေပါတယ်။