ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရောင်းထုတ်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေးကို လာမယ့် နွေဈေးကွက် အတွင်းမှာ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ဆာလာ ၊ ဖာမီနိုတို့နဲ့ တွဲဖက်ကာ လီဗာပူးအတွက် ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား ၊ ပရီးမီးယားလိဂ် ၊ အက်ဖ်အေ ၊ ကာရာဘောင်းနဲ့ ကွန်မြူနတီဒိုင်း စတဲ့ ဆုဖလား အစုံ ရယူပေးခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစမှာ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းထဲနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Liverpool FC

လီဗာပူးက မာနေးကို ရောင်းထုတ်ပြီးနောက် ဥရုဂွေး တိုက်စစ်မှူး နူနက်စ်နဲ့ နယ်သာလန် တိုက်စစ်မှူး ဂတ်ပိုတို့ကို ပြန်ခေါ်ခဲ့ပေမယ့် နှစ်ဦးစလုံးက မာနေးရဲ့ ကွက်လပ်ကို မဖြည့်တင်းနိုင်သလို မာနေးရဲ့ နေရာအတွက် ဆက်ခံသူတွေ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဂျိုတာနဲ့ ဒီယက်ဇ်တို့ကလည်း ဒဏ်ရာလူသားတွေ ဖြစ်နေကြပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ ဒဏ်ရာလူသား ဖြစ်နေတဲ့ ဂျိုတာကို ရောင်းထုတ်ကာ မာနေးကို အသင်းဆီ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေပြီး မာနေးကလည်း သူတို့အသင်းဆီ ပြောင်းလာမယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက ရာသီကြို ခြေစမ်းပွဲတွေ မစခင်မှာပဲ မာနေးကို အသင်းဆီ ပြန်ခေါ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မာနေး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အထိ သုံးစွဲရန် လျာထားကြောင်း သိရပါတယ်။

တဖက်မှာလည်း ဆာဒီယို မာနေးက ဘိုင်ယန်မြူးနစ်လို ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် လီဗာပူးမှာလောက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခြင်း မရှိသလို ဘိုင်ယန်မြူးနစ်မှာ အံဝင်နိုင်ဖို့ ရုန်းကန်နေရတာကြောင့် အသင်းဟောင်း လီဗာပူးကသာ ထိုက်တန်တဲ့ ခံစားခွင့်တွေနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် လီဗာပူးဆီ ပြန်လာဖို့ စဉ်းစားနိုင်ချေ ရှိနေပါတယ်။