ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အော်ရီဂီနဲ့ ဆွစ်ဇာလန် တောင်ပံ ကစားသမား ရှာကွီရီတို့ကို ယခုနှစ် နွေဈေးကွက်မှာ အရောင်းစာရင်း တင်လိုက်ကြောင်း ဥရောပအခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဓိက ကစားသမားတွေ ပြင်းထန်တဲ့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့တာကြောင့် ဖလားလက်မဲ့ ဘောလုံးရာသီတခုကို ဖြတ်သန်းခဲ့ရတဲ့ လီဗာပူးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အသွင်သစ်နဲ့ ပြန်လည် ဖွဲ့စည်းဖို့ စီစဉ်ထားပြီး အသင်းမှာ ရှိတဲ့ အသုံးမလိုတဲ့ ကစားသမားတွေကို ဦးစွာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Express

လက်ရှိမှာ နယ်သာလန်အသင်းရဲ့ လက်ရွေးစင် ကွင်းလယ်လူ ဝစ်နယ်ဒန်ဟာ လီဗာပူးအသင်း ကနေ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားထားတာကြောင့် လီဗာပူး အသင်းရဲ့ ကစားသမား ရှင်းထုတ်ရေး အစီအစဉ်ဟာ ခပ်မြန်မြန်ပဲ ရုပ်လုံးပေါ်လာဖို့ ရှိပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ အသင်းရဲ့ အရန် တိုက်စစ်မှူးဖြစ်သူ အော်ရီဂီနဲ့ တောင်ပံ ကစားသမား ရှာကွီရီတို့ နှစ်ဦးစလုံးကို ရောင်းချရာမှ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် လိုချင်နေပြီး သူတို့နှစ်ဦးကို ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးတွေကို တိုက်စစ် ကစားသမား တဦး ဝယ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အဆိုပါ သတင်းကို အတည်ပြု ပေးထားပြီး လီဗာပူးအသင်းဟာ ပီအက်စ်ဗွီအသင်းရဲ့ တိုက်စစ်မှူး မေလန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဆိုထားပါတယ်။ အသက် ၂၇နှစ် အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်မှူး အော်ရီဂီဟာ လီဗာပူးအသင်းရဲ့ သမိုင်းဝင် ချန်ပီယံလိဂ်နိုင်ပွဲ ဖြစ်တဲ့ လီဗာပူး ၄-၀ ဘာစီလိုနာပွဲစဉ်မှာ လီဗာပူးအသင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ခြေစွမ်းတွေဟာ ထင်ထားသလောက် တိုးတက်လာခြင်း မရှိတာကြောင့် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်က သူ့ကို ရောင်းချဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အော်ရီဂီနဲ့ ရှာကွီရီတို့ကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။