MySport Myanmar

ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ မီနာမီနိုကိုပါ အသုံးပြုသွားဖွယ် ရှိနေတဲ့ လီဗာပူးလ်

ဒီနှစ် နွေအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတဲ့ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးရဲ့နေရာမှာ အစားထိုးဖို့အတွက် လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူသွားချင်နေတဲ့ လီဗာပူးလ်အသင်းဟာ ရာဖင်ညာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမား မီနာမီနိုကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုလာဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ဆီနီဂွေလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ လီဗာပူးလ်ရဲ့တိုက်စစ်မှာ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်သလို မိုဆာလာ မီနာမီနိုတို့နဲ့ အကောင်းဆုံး အတွဲအဖက်မိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့တဲ့အပြင် သူရဲ့စာချုပ်မကုန်ဆုံးခင် တစ်နှစ်အလိုမှာပဲ အသင်းကနေ ထွက်ခွာချင်နေတဲ့အတွက် လီဗာပူးလ်ဘက်က မာနေးနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို ရှာဖွေနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ လိဒ်စ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို အတော်လေး မျက်စိကျနေပြီး ခေါ်ယူသွားဖို့လည်း စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကတည်းက လိဒ်စ်ကို ရောက်ရှိနေခဲ့တဲ့ ရာဖင်ညာဟာ လိဒ်စ်အသင်းမှာ အထူးခြေစွမ်းပြလာရင်းနဲ့ သူ့ကို ကလပ်အသင်းများစွာက သတိထားမိလာတဲ့အပြင် ဘရာဇီးလ်လက်ရွေးစင်အသင်းကပါ ရွေးချယ်ခြင်း ရှိလာခဲ့တဲ့အတွက် အသင်းကြီးတွေကပါ ရာဖင်ညာကို စိတ်ဝင်စားလာခဲ့ပြီး ဒီနွေမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်ချင်လာကြတာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းက ရာဖင်ညာနဲ့ တော်တော်လေးကို သတင်းအထွက်ဆုံး ဖြစ်နေပေမယ့်လည်း လိဒ်စ်အသင်းဘက်ကတော့ သူတို့အသင်းကို တန်းမဆင်းရအောင် အဓိကနေရာကနေ ကူညီထားနိုင်ခဲ့သူ ရာဖင်ညာကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေသလို တကယ်လို့ ရောင်းချသွားမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)လောက်အထိ အလိုရှိနေပါတယ်။ ဒီပမာဏဟာ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်နေရတဲ့ ဘာစီလိုနာအသင်းအတွက် ခက်ခဲရနိုင်ပြီး လက်ရှိမှာ ခရစ္စတန်ဆန်နဲ့ ကတ်ဆေးတို့ အသင်းနဲ့ လာရောက်ပူးပေါင်းပြီဆိုရင်တောင် register လုပ်ဖို့မလွယ်တာကြောင့် ရာဖင်ညာကို လက်လျှော့သွားနိုင်ပါတယ်။ ဒီအခြေအနေမှာ ရာဖင်ညာကို အရခေါ်ယူသွားချင်နေတဲ့ လီဗာပူးလ်အသင်းကတော့ ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေးအပြင် ဂျပန်ကစားသမား မီနာမီနိုကိုပါ ထည့်သွင်းကမ်းလှမ်းဖွယ်လည်း ရှိနေပါတယ်။

Exit mobile version