ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ခံစစ် ကစားသမား တစ်ဦးလို့ ဆိုရမယ့် ဆာဂျီယို ရာမို့စ်ကို ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူး အသင်းကနေ ခေါ်ယူဖို့ အတွက် ချဉ်းကပ်နေတယ် လို့ သိရပါတယ်။ လီဗာပူး အသင်း အနေနဲ့ ဒီရာသီ ခံစစ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားအတော်များတာကြောင့် ပြဿနာ ကြီးကြီးမားမားရှိနေတယ်လို့ ဆိုနိုင်ပြီးတော့ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ ခံစစ် ကစားသမားတွေ ထပ်ခေါ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လီဗာပူး နည်းပြ ကလော့ပ် အတွက်တော့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်လို့တောင် ဆိုရပါမယ်။ ဒါပေမယ့်လည်း အသင်းအနေနဲ့ အခုချိန်ထိ အခြေအနေကောင်းမှာ ရှိနေသေးပြီး ၈ ပွဲကစား ရမှတ် ၁၇ မှတ် နဲ့ ပရီးမီးယားလိဂ်ဇယား အဆင့် ၃ နေရာမှာ ရှိနေပါသေးတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၃ ပွဲကစား ၃ ပွဲလုံး အနိုင်ရရှိထားပြီး အုပ်စုဒီမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမား ဆာဂျီယို ရာမို့စ် ဟာ လာမယ့် နှစ် နွေရာသီမှာ အသင်းနဲ့အတူ စာချုပ်သက်တမ်း ကုန်ဆုံးတော့မာ ဖြစ်ပြီးတော့ လာလီဂါ ရဲ့ အသင်းကြီးတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဘက်ကတော့ အခုချိန်ထိ ကစားသမား နဲ့ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးနေပေမယ့် သဘောတူညီမှု မရရှိသေးပါဘူး။ လီဗာပူးဘက် ကတော့ ရာမို့စ် အနေနဲ့ လာမယ့်နှစ် နွေရာသီ မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာလို တဲ့ စိတ်ရှိရင် လက်မှတ်ထိုးခေါ်ယူသွားဖို့ အသင့်ပဲ လို့ ပြောဆိုထားပါတယ်။ အကယ်၍ သာ ရာမို့စ်က ရီးရဲလ်ကနေ ထွက်ခွာဖို့ စိတ်ကူးရှိတယ်လို့ အခုကတည်းက ဆုံးဖြတ်ထားရင် သူ့အနေနဲ့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား ကမ်းလှမ်းနေတဲ့ အသင်း‌တွေထဲက တစ်သင်းသင်းနဲ့ လာမယ့် ဇန်နဝါရီလမှာ အကြိုသဘောတူညီမှုစာချုပ် ကို လက်မှတ် ထိုးထားနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ရာမို့စ် အနေနဲ့ အင်္ဂလန်ကိုသာ ပြောင်းရွှေ့ကစားချင်စိတ်ရှိတယ်ဆိုရင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေက အများကြီး ရှိပြီးတော့ အဆိုပါ အသင်းတွေထဲမှာ လီဗာပူး အပြင် မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီး၊ အာဆင်နယ် နဲ့ တော့တင်ဟန် ဟော့စပါး အသင်းတို့ကလည်း ပါဝင်နေကြောင်း ရာမို့စ်ရဲ့ ရှေ့နေက 90min သတင်းစာဌာန ကို ပြောဆိုထားပါတယ်။ လီဗာပူး နည်းပြ ဂျာဂျန်ကလော့ပ် ရဲ့ ခံစစ်ကစားသမား ရွေးချယ်မှု အပိုင်းမှာ ဒဏ်ရာရ ကစားသမား များနေတာကြောင့် များများစားစားတော့ ရွေးချယ်ခွင့်ရှိမနေပါဘူး။ ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးဂိုးမက်ဇ် စတဲ့ ကစားသမား နှစ်ဦးစလုံးဟာ ဒဏ်ရာပြဿနာ အသီးသီး ရရှိထားတာကြောင့် ရာသီကုန်အထိ လွဲချော်မယ့် အနေအထား မှာ ရှိနေပါတယ်။