လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ အတွက် အရှိန်မြှင့် ကြိုးပမ်းလာကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြ သွားကြပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် သတ်မှတ် ခံထားရတဲ့ လီဗာပူးအသင်းဟာ ခံစစ်ပိုင်း ဒဏ်ရာ ပြဿနာတွေ ၊ တိုက်စစ်ပိုင်းမှာ တစ်ဦးနဲ့ တစ်ဦးကြား အရင်လို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ မရှိတော့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၃ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ကာ ရမှတ် ၉မှတ် စုဆောင်းနိုင်မယ့် အခွင့်အရေးမှာ ၂မှတ်သာ စုဆောင်း နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်တဲ့ မိုဟာမက် ဆာလက်ရဲ့ အနာဂတ်ဟာလည်း အသင်းမှာ မတည်မငြိမ် ဖြစ်လာပြီး ဆာလက်ဟာ အသင်းဖော် တိုက်စစ်မှူး မာနေးနဲ့ ဆက်ဆံရေး မပြေလည်သလို အသင်းရဲ့ လူငယ် ကြယ်ပွင့် နောက်ခံလူ ဖြစ်တဲ့ အာနိုးလ်နဲ့လည်း အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သတ်တဲ့ ပြဿနာကြောင့် မခေါ်မပြောနိုင်အောင် ဖြစ်နေပါတယ်။ ဒါ့ကြောင့်ပဲ ဆာလက်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန် အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်း တို့ထဲက တစ်သင်းထံ ပြောင်းရွှေ့ဖို့ ကြံရွယ်နေပြီး လီဗာပူးအသင်းဘက် ကလည်း ဂျိုတာ ၊ မာနေးနဲ့ ဖာမီနိုတို့ အဆင်သင့် ရှိနေတဲ့ အနေအထားကြောင့် ဆာလက်သာ အသင်းကနေ ပြောင်းရွှေ့ခွင့် တောင်းခံလာပါက ခွင့်ပြုဖွယ် ရှိနေပါတယ်။

Photo Credit: Goal

ဥရောပ နာမည်ကြီး သတင်းဌာန နှစ်ခုဖြစ်တဲ့ Dairio AS သတင်းဌာနဲ့ Football Espana သတင်းဌာနတို့ရဲ့ ဖော်ပြချက် အရတော့ လီဗာပူးအသင်းဟာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ အမ်ဘာပေကို အခြားအသင်းတွေထက် ပိုမို လက်ဦးမှုကာ ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစား လာသလို အမ်ဘာပေကို အတော်လေး မြင့်မားတဲ့ လုပ်ခလစာ ပေးချေဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ တချို့သတင်းဌာနတွေ မှာတော့ လီဗာပူး အသင်းဟာ မကြာမီကမှ Nike ကုမ္ပဏီနဲ့ စာချုပ် ချုပ်ထားတာကြောင့် ပိုတိုးလာတဲ့ ဝင်ငွေ ၊ အသင်းရဲ့ ဝတ်စုံတွေ ရောင်းချရာမှ ရရှိလာတဲ့ ဝင်ငွေတွေရဲ့ ၂၀ရာခိုင်နှုန်းကို ဘောနပ်စ်အဖြစ် ရရှိမယ့် အနေအထားကြောင့် အမ်ဘာပေကို လက်ရှိ ပီအက်စ်ဂျီ အသင်းမှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခ ယူရို ၂၀သန်းရဲ့ နှစ်ဆနီးပါး ပမာဏ အထိ လုပ်ခလစာ ပေးချေဖို့ အဆင်သင့် ဖြစ်နေကာ ဆာလက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းခန့်နဲ့ ရောင်းချပြီး အမ်ဘာပေကို ယူရို ၂၀၀သန်းနဲ့ ကမ်းလှမ်းဖို့ အထိတောင် အစီအစဉ် ချမှတ်ထားကြောင်း ဖော်ပြထားပါတယ်။