ဒီနေ့ စနေနေ့ညမှာ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ ပွဲစဉ်တွေအားလုံးထဲကမှ ဘောလုံးချစ်ပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံးပွဲအဖြစ် ရှိုလို့နေမယ့် လီဗာပူးလ်အသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒီပွဲစဉ်ကိုတော့ ဒီနေ့ည(၁၂)နာရီအချိန် လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ်ကွင်းအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး လတ်တလောမှာ Form အရမ်းကောင်းနေတဲ့ ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံ လီဗာပူးလ်က ဘယ်လိုဧည့််ခံကစားသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit : London.Football

ပထမဆုံး ဒီအသင်းနှစ်သင်းရဲ့ ဒဏ်ရာရကစားသမားတွေအကြောင်းကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်ဘက်က ချိန်ဘာလိန် ဖာဘင်ဟိုနဲ့ ဗန်ဒိုက်တို့ လွဲချော်ရမှာဖြစ်ပြီး သီယာဂို မာတစ် ကီတာတို့ကတော့ ပါဝင်ဖို့ မသေမချာဖြစ်လို့နေပါတယ်။ ဧည့်သည်ဝက်စ်ဟမ်းဘက်မှာတော့ အားထားရတဲ့ တိုက်စစ်ကစားသမား အန်တိုနီယိုက တံကောက်ကြောဒဏ်ရာကြောင့် သေချာပေါက် လွဲချော်ရမှာဖြစ်လို့ ဝက်စ်ဟမ်းအတွက် နစ်နာရနိုင်ပြီး ကစားသမားသစ် ဘန်ရာမာကလည်း သူရဲ့ပွဲဦးထွက်အဖြစ် ပါဝင်လာဖို့ မသေချာသေးပဲ ရှိနေပါတယ်။

Photo Credit : Liverpool FC

လက်ရှိမှာ လီဗာပူးလ်ရော ဝက်စ်ဟမ်းရောက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲစဉ်(၅)ပွဲအတွင်း ရှံးပွဲက(၁)ပွဲပဲ ရှိထားခဲ့ပြီး လီဗာပူးလ်ကတော့ (၃)ပွဲနိုင်ထားခဲ့ကာ ဝက်စ်ဟမ်းက (၂)ပွဲနိုင်ထားပြီး မန်စီးတီးနဲ့စပါးတို့လို အသင်းကြီးတွေကို သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ အက်စတွန်ဗီလာအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် အသင်းရဲ့ခံစစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေ ရှိလို့နေပြီး နောက်ဆုံးကစားသွားခဲ့တဲ့ မစ်ဂျေးလန်းနဲ့ပွဲမှာလည်း ဖာဘင်ဟိုပါ ထပ်မံဒဏ်ရာရသွားခဲ့ပါတယ်။ ဆိုတော့ နှစ်သင်းလုံးမှာ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ အားနည်းချက်ကိုယ်စီ ရှိနေကြမှာပါ။ ဒါပေမယ့် ဗန်ဒိုက် ဖာဘင်ဟိုတို့ မပါနိုင်လို့ အနည်းငယ်အားနည်းနေနိုင်မယ့် လီဗာပူးလ်ခံစစ်ကုုိ ဂိုးရဖို့အတွက် အန်တိုနီယိုတစ်ယောက်တည်းကိုပဲ အားထားနေရတဲ့ ဝက်စ်ဟမ်းတိုက်စစ်က အခုလို အန်တိုနီယို မပါဝင်လာနိုင်တော့မယ့်အချိန်မှာ ထိုးဖောက်ရခက်စေနိုင်ပါတယ်။ ဒီအသင်းနှစ်သင်းဟာ ၂၀၁၆ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာ ဆုံတွေ့ခဲ့ရတဲ့ ပွဲစဉ်တွေအတွင်းမှာ လီဗာပူးလ်ကပဲ နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာလည်း အိမ်ရှင်ဖြစ်တဲ့ လီဗာပူးလ်ကပဲ အနိုင်ရလဒ်ကို ယူဆောင်သွားဖို့ အခြေအနေကောင်းနေတာဆိုပေမယ့် ဝက်စ်ဟမ်းရဲ့တုန့်ပြန်ကစားအားတွေကိုလည်း စောင့်ကြည့်သွားရပါလိမ့်မယ်။