လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန်ကလော့ပ်က ဒီ weekend မှာ သူ့အသင်းနဲ့ ရင်ဆိုင်ရတော့မယ့် မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးလို့ အမွှမ်းတင် ပြောဆိုလိုက်ပြီး ဟာလန်းကို တားဆီးနိုင်အောင် ကြိုးစားသွားမယ်လို့ပါ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီနွေမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်ရှိလာခဲ့ရတဲ့ နော်ဝေ တိုက်စစ်ကစားသမား ဟာလန်းက လက်ရှိ ပရီးမီးယားလိဂ် (၉)ပွဲ ကစားထားပြီးချိန်မှာ ဟက်ထရစ် (၃)ကြိမ်နဲ့အတူ သူရဲ့ စုစုပေါင်း လိဂ်သွင်းဂိုးက (၁၅)ဂိုးအထိ ရှိနေရပါတယ်။ ဒီရာသီထဲ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဟာရီကိန်းထက် (၇)ဂိုးအထိတောင် ကျော်လွန်နေတဲ့အထိကို ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ သွင်းဂိုးမှာလည်း ဂိုး(၂၀)ထိ ရှိနေတဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် တစ်ရာသီအတွင်းမှာ (၃၂)ဂိုးအထိ အများဆုံး သွင်းယူထားနိုင်ခဲ့ဖူးတဲ့ မိုဟာမက်ဆာလာရဲ့ မှတ်တမ်းကိုပါ ကျော်လွန်သွားနိုင်မယ့် အနေအထားမျိုးမှာပါ ရှိနေရပါတယ်။

Photo Credit : Complete Sports Nigeria

ဒီ နော်ဝေဂိုးသွင်းစက်က ဒီတစ်ပတ် super sunday မှာပဲ လီဗာပူးလ်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဟာလန်းနဲ့ ထပ်မံ ရင်ဆိုင်ရတော့မယ့် နည်းပြကလော့ပ်က ဟာလန်းနဲ့ ပတ်သတ်ပြီး “သူက ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်တာမို့ သူ့ဆီ ဘောလုံးတွေ အများကြီး မရောက်နိုင်အောင် ကျွန်တော်တို့ဘက်က သေချာလုပ်ထားရမယ်။ အဲ့ဒါတော့ ကျွန်တော် ကြိုးစားလုပ်ဆောင်ရမယ်။ ဒါပေမယ့် တကယ်လို့ ဟာလန်းတစ်ယောက်တည်းကို ကစားသမားအများကြီးသုံးပြီး ပိတ်ဆို့ထားမယ်ဆိုရင်တော့ စီးတီးရဲ့ တခြားသော world-class ကစားသမားတွေအတွက် နေရာတွေ ဖွင့်ပေးလိုက်သလို ဖြစ်သွားမယ်။ အဲ့ဒါက ပိုခက်သွားအောင် လုပ်လို့သလိုပါ ဖြစ်သွားနိုင်တာမို့ သတိထားရပါမယ်” လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ ဒီရာသီအစမှာပဲ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ပြီး ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ (၁၃)ပွဲအတွင်းမှာ (၁၂)ပွဲအထိ ဂိုးတွေ သွင်းယူထားနိုင်ခဲ့ပါတယ်။