ဒီနေ့ ဇူလိုင်လ(၁၁)ရက်နေ့ စနေနေ့ည (၈)နာရီခွဲအချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)ရဲ့ ပွဲတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ပွဲမှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းရဲ့ တစ်ဖက်သတ်ဖိအားပေး ကစားမှုတွေနဲ့ လီဗာပူးလ်က ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့် ဘန်လေက ခံစစ်ကို အကောင်းဆုံးကစားခဲ့ပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

အိမ်ရှင်လီဗာပူးလ်ကတော့ ၄-၃-၃ ကစားကွက်နဲ့အတူ ဆာလာ မာနေး ဖာမီနို ဖာဘင်ဟို ကာတစ်ဂျုံး ဝိုင်နယ်ဒန် ရောဘတ်ဆန် ဗန်ဒိုက် ဂိုးမက်ဇ် ဝီလီယံစ် အယ်လီဆန်တို့ကို အသုံးပြုလာခဲ့ကာ အာနိုးကိုတော့ ပွဲထွက်စာရင်းကနေ အနားပေးသွားခဲ့ပါတယ်။ ဘန်လေအသင်းဘက်မှာကလည်း ရိုဒရီဂွက်ဇ် ခရစ္စဝုဒ် မက်နေးလ် ဘရောင်းဟေးလ် ဝက်စ်ဝုဒ် ပီတာစ် တေလာ တကောစကီး လောင်း ဘာစ့်စလေ နစ်ပုဒ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး လီဗာပူးလ်အသင်းရဲ့ဖိအားပေးမှုတွေ ဂိုးကန်ချက်တွေကိုပဲ မြင်တွေ့ခဲ့ရပြီး ဘန်လေဂိုးသမားနစ်ပုဒ်ကလည်း လက်စွမ်းကောင်းတွေပြသပြီး ကာကွယ်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ ဆာလာ မာနေးတို့ရဲ့ ကန်ချက်တွေကို စွမ်းစွမ်းတမံ ကာကွယ်နိုင်ခဲ့တဲ့ နစ်ပုဒ်ဟာ ပွဲချိန်(၃၄)မိနစ်မှာတော့ ရောဘတ်ဆန်က ကောင်းမွန်လှတဲ့ ခေါင်းတိုက်ချက်ကိုတော့ မကာကွယ်နိုင်ခဲ့ပဲ သွင်းဂိုးအဖြစ် ခွင့်ပြုလိုက်ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး (၅)မိနစ်အတွင်းမှာပဲ လီဗာပူးလ်ရဲ့ဂိုးကန်ချက်တွေ များစွာပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးပေါက်လွဲချော်မှုတွေ ရှိနေခဲ့သလို ဘန်လေကလည်း လီဗာပူးလ်ခံစစ်ကို အကောင်းဆုံးတောင့်ခံနိုင်ခဲ့ပါတယ်။ မိနစ်(၇၀)လောက်အထိကို လီဗာပူးလ်ဘက်ကနေ ဂိုးကန်သွင်းမှုတွေ အကြိမ်များစွာ လုပ်ဆောင်ခဲ့ပေမယ့် သွင်းဂိုးတော့ ထပ်မရခဲ့သလို (၆၉)မိနစ်မှာလည်း ဘန်လေအသင်းရဲ့ ကွင်းတဝက်လောက်ကနေ ရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောကနေတဆင့် ရိုဒရီဂွက်ဇ်က ချေပဂိုးကိုပါ ပြန်လည်သွင်းယူခဲ့ပါတယ်။