MySport Myanmar

အလွန်ဆို မရရင် နာဂယ်စမန်းနဲ့ အာမိုရင်တို့ကို ပစ်မှတ်ထားသွားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းက ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြကြီး ယာဂင် ကလော့ပ်နေရာအတွက် ဇာဘီ အလွန်ဆိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့်လည်း အလွန်ဆိုကိုသာ မရခဲ့ရင် တခြားနေရာတွေဖြစ်တဲ့ နာဂယ်စမန်းနဲ့ အာမိုရင်တို့ကိုသာ ချိန်ရွယ်သွားမယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ကလော့ပ်နေရာအတွက် လေဗာကူဆင်မှာ အရမ်းကို အလုပ်ဖြစ်နေတဲ့ ကစားသမားဟောင်း အလွန်ဆိုကို အလိုရှိနေပေမယ့် အလွန်ဆိုက ဘိုင်ယန်မြူးနစ်ရဲ့ ပစ်မှတ်လည်း ဖြစ်နေသလို သူ့ကို လိုချင်နေတဲ့ အသင်းတွေကလည်း အများအပြား ရှိလို့နေပါတယ်။

Photo Credit : Sky Sports

ဒါကြောင့် လီဗာပူးလ်အနေနဲ့ အလွန်ဆိုကိုသာ မရခဲ့ဘူးဆိုရင် တခြားသော ပစ်မှတ်တွေအဖြစ် ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂျူလီယန် နာဂယ်စမန်းနဲ့ စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အာမိုရင်တို့ကို ချိတ်ဆက်သွားဖို့ ရှိနေပါတယ်။

နာဂယ်စမန်းရော အာမိုရင်ရောဟာ အသက် (၃၀)ကျော် နည်းပြတွေဖြစ်ပေမယ့်လည်း အရည်အသွေးမြင့် နည်းပြတွေ ဖြစ်သလို လက်ရှိအသင်းတွေနဲ့လည်း စာချုပ်သက်တမ်းရှည်တွေ ရှိနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နာဂယ်စမန်းကတော့ လာမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာပဲ သူရဲ့ ဂျာမနီနည်းပြ အနာဂတ်ကို အကဲခတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Record

နာဂယ်စမန်းက ဂျာမနီအသင်းကို မကိုင်တွယ်ခင်မှာ လိုက်ပ်ဇစ် ဘိုင်ယန်မြူးနစ်တို့လို ဂျာမနီ အင်အားကြီး ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို အသက် (၃၆)အရွယ်လေးနဲ့ အောင်မြင်ကျော်ကြားနေသူလည်း ဖြစ်ပါတယ်။ အာမိုရင်ကတော့ စပို့တင်းကို ပေါ်တို ဘင်ဖီကာတို့အား ကျော်ဖြတ်ပြီး ၂၀၂၀-၂၁ ရာသီက အမှတ်ပေး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ထားခဲ့တဲ့ ပေါ်တူဂီလူမျိုး နည်းပြလည်း ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရ လီဗာပူးလ်အနေနဲ့ အာမိုရင်ကို ခေါ်ယူမယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး အမြောက်အများ ပေးချေရနိုင်တာဖြစ်လို့ ကလော့ပ်နဲ့ တစ်နိုင်ငံတည်းသားတွေလည်းဖြစ်တဲ့ နာဂယ်စမန်းကို ပိုမို ပစ်မှတ်ထားလာနိုင်ပြီး ယူရို-၂၀၂၄ပြိုင်ပွဲအပြီးမှာပဲ စတင် လှုပ်ရှားဖွယ် ရှိနေပါတယ်။

Exit mobile version