လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ဂျပန်ကစားသမား မီနာမီနိုအတွက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ မိုနာကိုအသင်းတို့ရဲ့ ကနဦး ကမ်းလှမ်းချက်တွေအားလုံးကို ငြင်းဆန်ပယ်ချထားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်အနေနဲ့ သူရဲ့ ကစားသမားကို အသင်းကနေ ရောင်းထုတ်သွားဖို့ အငှားချသွားဖို့ စဉ်းစားမှာ မဟုတ်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဂျပန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုက ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် ဇန်နဝါရီလကမှ သြစတြီးယားကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ပထမရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း(၁၄)ပွဲ ပါဝင်ကစားခဲ့ရကာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်အတွင်း ဆောက်သမ်တန်အသင်းဆီ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီနှစ်ရာသီမှာတော့ လီဗာပူးလ်အသင်းအတွက် ပြန်လည်ကစားခွင့် ရရှိနေတဲ့ မီနာမီနိုကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ လီဂူးကလပ် မိုနာကိုအသင်းတို့ကနေ အငှားနဲ့ ခေါ်ယူသွားဖို့ ကနဦး ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာပေမယ့် ဒီကမ်းလှမ်းမှုတွေကို လီဗာပူးလ်ဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။
အသက်(၂၇)နှစ်အရွှယ် နောက်ချန်တိုက်စစ်နဲ့ တောင်ပံကစားသမား မီနာမီနိုက ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရခြင်း မရှိသေးပေမယ့် ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ အသင်းအတွက် ပွဲတိုင်းနီးပါး ကစားခွင့်ရပြီး သွင်းဂိုး(၄)ဂိုးထိ သွင်းယူနိုင်ခဲ့ကာ အသင်းကိုလည်း ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းအတွက် အကျိုးပြုထားနိုင်တဲ့ မီနာမီနိုကို လီဗာပူးလ်အသင်းကနေ လက်လွတ်သွားဖို့ ဆန္ဒမရှိတဲ့အတွက် ကမ်းလှမ်းချက်တွေကို ပယ်ချသွားခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဗေါ့အော်ရီဂီကိုပါ စီးရီးအေကလပ် အတ္တလန်တာအသင်းက ခေါ်ယူသွားဖို့ ဆက်သွယ်လျက် ရှိနေပြီး ကစားသမားကိုယ်တိုင်က လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့် ရရှိဖို့ ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ လိုအပ်နေလို့ သူ့ကို နေရာသိပ်မပေးနိုင်တဲ့ လီဗာပူးလ်ကနေ ထွက်ခွာသွားချင်နေပါတယ်။ ဒါပေမယ့် လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ မီနာမီနိုရော အော်ရီဂီရောကို အသင်းကနေ ထွက်ခွာခွင့်မပေးပဲ အသင်းမှာသာ ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။