အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပူပူနွေးနွေး ချန်ပီယံ လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ရဲ့ အရန်အဖြစ် ကစားနိုင်မယ့် လူငယ် ကစားသမား တစ်ဦးကို ရှာဖွေနေပြီး လက်ရှိမှာတော့ အိုလံပီယာကို့စ် ဘယ်နောက်ခံလူ ဆီမီကပ်စ်ကို ခေါ်ယူနိုင်တော့မယ် လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိမှာ ပြီးပြည့်စုံတဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားပေမယ့် ဘယ်နောက်ခံလူ အဖြစ် ကစားတဲ့ ရော်ဘတ်ဆန်ရဲ့ အရန် ကစားသမား မရှိတာကြောင့် ရော်ဘတ်ဆန်ရဲ့ နေရာကို အစားဝင် ကစားနိုင်မယ့် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး နောဝှစ်ချ်အသင်းရဲ့ နောက်ခံလူ လီဝစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် နောဝှစ်ချ်အသင်းဘက်က လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။

Photo Credit: The Mirror

လီဗာပူးအသင်းဟာ လီဝစ်ကို ခေါ်ယူနိုင်ဖို့အတွက် နောဝှစ်ချ် အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး နောဝှစ်ချ်အသင်းဘက် ကတော့ လီဝစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၀သန်းအထိ အလို ရှိနေတာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။ လက်ရှိမှာတော့ လီဗာပူးအသင်းဟာ အသက်၂၄နှစ်အရွယ် ဂရိ ဘယ်နောက်ခံလူ ဆီမီကပ်စ်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရရောအိုလံပီယာကို့စ်အသင်းထံ ပေးချေရမယ့် ပြောင်းရွှေ့ကြေးကိုပါ သဘောတူညီမှု ရရှိခဲ့ပြီးပြီ လို့ သိထားရပြီး ဆီမီကပ်စ်ဟာ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ အတွက် ဗြိတိန်ဆီကို ခရီးနှင်လာပြီလို့လည်း Sky Sports သတင်းဌာနက ဖော်ပြ ထားပါတယ်။

Photo Credit: The Mirror

Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ လီဗာပူးအသင်းဟာ ဆီမီကပ်စ်ကို ကာလရှည် စောင့်ကြည့်ခဲ့ပြီး ဆီမီကပ်စ်ဟာ တစ်ချိန်မှာ ကမ္ဘာ့အဆင့် နောက်ခံလူ ဖြစ်နိုင်တယ်လို့ ယုံကြည် နေသလို ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ အသင်းရဲ့ လူစာရင်းကို တောင့်တင်းစေနိုင်မယ့်သူ အဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။ လတ်တလော မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ လီဗာပူးအသင်းဟာ ဆီမီကပ်စ်အတွက် အိုလံပီယာကို့စ်အသင်းကို ပေါင် ၁၁.၇၅ သမ်း ပေးချေရမယ်လို့ သိထားရပြီး ဆီမီကပ်စ်ကိုလည်း ၅နှစ် သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုမယ်လို့လည်း လီဗာပူးမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။