ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ဖြစ်တဲ့ လီဗာပူး အသင်းဟာ ချန်ပီယံဘွဲ့ကို ကာကွယ်ရာမှာ အဓိက ထိုးနှက်ချက် တစ်ခု ဖြစ်နေပြီးတော့ နှစ်ရှည်လများ ကြာမြင့်နေပြီ ဖြစ်တဲ့ သူတို့ရဲ့ ဗဟိုခံစစ်ပုစ္ဆာကို ဖြေရှင်းဖို့ အတွက် အာဆင်နယ် ခံစစ် ကစားသမားဟောင်း ဆိုကရက်တစ်နဲ့ အဆက်အသွယ် ပြုလုပ်လာခဲ့ပါတယ်။ အသက် ၃၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဆိုကရက်တစ်ဟာ အာဆင်နယ် အသင်းမှာ နှစ်ရာသီ ခွဲကစားခဲ့ပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ အသင်းနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ တကွ စာချုပ်ဖျက်သိမ်းပြီး အာဆင်နယ် အသင်းကနေ ထွက်ခွာထားတဲ့ ကစားသမား ဖြစ်ပါတယ်။

Photo Credit: Express

တစ်ဖက်မှာလည်း လီဗာပူး အသင်းအနေနဲ့ အသင်းရဲ့ ဦးစားပေး ကစားသမားတွေ ဖြစ်ကြတဲ့ ဗာဂျယ် ဗန်ဒိုက်နဲ့ ဂျိုး ဂိုးမက်ဇ်တို့နှစ်ဦး ပြင်းထန်တဲ့ ဒဏ်ရာ အသီးသီး ရရှိခဲ့တာကြောင့် ဗဟိုခံစစ် ကစားသမား လိုအပ်နေတာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ အရံ ရွေးချယ် လို့ရတဲ့ ကစားသမားဖြစ်သူ ဂျိုးလ် မာတစ်ကလည်း ဒဏ်ရာရရှိထားပြီး တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ် ကစားသမားဖြစ်သူ ရိုင်းစ်ဝီလီယံကလည်း စီနီယာ ကစားသမားတွေ ဒဏ်ရာပြဿနာ နဲ့ ရင်ဆိုင်နေရချိန်မှာ အခွင့်အရေး ရရှိထားတယ် ဆိုပေမယ့်လည်း အက်ဖ်အေဖလား စတုတ္ထအဆင့်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ မားကပ် ရက်ရှ်ဖို့ဒ်နဲ့ အက်ဒီဆန် ကာဗာနီတို့ အတွဲအဖက် ကို သေချာ မထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Express

လီဗာပူး အသင်းအနေနဲ့ ခံစစ်ပိုင်း လိုအပ်ချက်အရ ကွင်းလယ် ကစားသမား ဖြစ်သူ ဖာဘင်ဟိုက ခံစစ်မှာ ဆင်းကစားပေးနေရပြီး အခုလို ရှုံးပွဲကြုံတွေ့ခဲ့ ရတာကြောင့် လီဗာပူး အသင်းအနေနဲ့ ခံစစ်ပိုင်း အတွက် ကစားသမားသစ် ထပ်ခေါ်ဖို့ လိုအပ်နေပြီ ဆိုတာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် အနေနဲ့ကလည်း မကြာသေးမီက အန်ဖီးလ်ဒ် အကြီးအကဲဖြစ်သူရဲ့ ခံစစ် ကစားသမားသစ် ခေါ်ပေးဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါက်ကွဲ ပြောဆိုထားခဲ့ပါသေးတယ်။ ဒါ့ကြောင့်ပဲ လီဗာပူးအသင်းဟာ ကလော့ပ်နဲ့ လက်တွဲခဲ့ဖူးတဲ့ ဆိုကရာတစ်ကို ခေါ်ယူဖို့ ချိတ်ဆက်လာတာလည်း ဖြစ်ပါတယ်။ သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ လီဗာပူး အသင်းအနေနဲ့ ဆိုကရက်တစ် တစ်ယောက် အာဆင်နယ် အသင်းကနေ ထွက်ခွာပြီးပြီးချင်းမှာပဲ ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။ ဗဟိုခံစစ် ကစားသမား လိုအပ်နေတဲ့ လီဗာပူးနဲ့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဆိုကရာတစ်တို့ ပေါင်းစည်းနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။