ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးဟာ သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းမှု တရပ် အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ စကော့တလန်ကလပ် အဘားဒင်းရဲ့ လူငယ် ညာနောက်ခံလူ ကယ်ဗင် ရမ်ဆေးအား ခေါ်ယူနိုင်ဖို့ ယခုထဲက စတင် ကြိုးပမ်းနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စကော့တလန် လူငယ်ကြယ်ပွင့် ကယ်ဗင် ရမ်ဆေးဟာ ယခုနှစ် ဘောလုံးရာသီမှာ အဘားဒင်းနဲ့အတူ တောက်ပနေတဲ့ ကစားသမားကောင်း တဦး ဖြစ်ပြီး အဘားဒင်း အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Express

ရမ်ဆေးက စကော့တလန်လိဂ်မှာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြ ကစားထားနိုင်သလို သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ ဖြတ်တင်ဘော ပေးပို့ရာမှာ တိကျမှုတွေက လီဗာပူးနည်းပြ ကလော့ပ်ကို မျက်စိကျစေခဲ့တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။

အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးရဲ့ ကင်းထောက်တွေက ရမ်ဆေးရဲ့ ခြေစွမ်းကို အဆက်မပြတ် လေ့လာ အကဲခတ်နေကြသလို လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ရှိသူတွေကလည်း ရမ်ဆေးကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်အပါအဝင် အဘားဒင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: Express

အဘားဒင်းကတော့ သူတို့အသင်းရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ရမ်ဆေးကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရရင် လက်လွှတ်ဖို့ ရှိနေပြီး အဘားဒင်းက ရမ်ဆေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။