ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံလူ ဖြစ်သူ ဘန်ဂျမင် ပါဗတ်ကို ခေါ်ယူဖို့ အတွက် ပါဗတ်နဲ့ရော ၊ ဘိုင်ယန်မြူးနစ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

လီဗာပူးက ခံစစ်ပိုင်းမှာ ဗန်ဒိုက် ၊ မာတစ် ၊ ဂိုမက်စ် ၊ ကိုနာတေး ၊ ရော်ဘတ်ဆန် ၊ အာနိုးလ် ၊ နသန် ဖီးလစ် ၊ ရမ်ဆေး စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဂိုမက်စ် ၊ ဖီးလစ်နဲ့ ရမ်ဆေးတို့ရဲ့ ခြေစွမ်းပိုင်းက အားကိုးချင်စရာ မကောင်းသေးသလို မာတစ်နဲ့ ဗန်ဒိုက်တို့ကလည်း အကျဘက်ကို ရောက်နေပါပြီ။

Photo Credit: Goal

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကြပြီး လီဗာပူးက ဗဟိုနောက်ခံလူအဖြစ်ရော ၊ ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ ပါဗတ်ကို သူတို့အသင်းရဲ့ အဓိကပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ပါဗတ်က ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ရဲ့ အဓိက ညာနောက်ခံလူ အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သလို စတုဂတ် ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာပြီးနောက် ဗဟိုနောက်ခံလူ အဖြစ် ကစားရချိန်မှာလည်း ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြန်ပါတယ်။

Photo Credit: Team Talk

ပါဗတ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဘက်က ပါဗတ်ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ပါဗတ်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင်းပြောင်းရန် ဆုံးဖြတ်ထားကာ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘိုင်ယန်မြူးနစ်ဆီ အသိပေးထားပြီးပါပြီ။

ဒါကြောင့် ဘိုင်ယန်မြူးနစ်က ပါဗတ်ကို လာမယ့် ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်ရင် ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ရန် လိုအပ်နေပြီး လီဗာပူးက အဆိုပါအချက်ကို အခွင့်ကောင်း ယူကာ ပါဗတ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ ပလက်တန်ဘက် ၊ ဒေးဗစ် အိုကော့တို့ရဲ့ ဖော်ပြချက်တွေ အရ လီဗာပူးက ပါဗတ်ကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားနဲ့ရော ၊ ဘိုင်ယန်မြူးနစ်နဲ့ပါ တပြိုင်နက်ထဲ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘိုင်ယန်မြူးနစ်က ပါဗတ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။