လက်ရှိ ဘောလုံးရာသီမှာ ဗဟိုခံစစ်မှူးတွေ အားလုံး ဒဏ်ရာပြဿနာ ကိုယ်စီနဲ့ ကြုံတွေ့နေရတဲ့ လီဗာပူး အသင်းကတော့ သူတို့အသင်းရဲ့ လတ်တလောမှာ ရင်ဆိုင်နေရတဲ့ စီနီယာ ဗဟိုခံစစ်မှူး မရှိတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ အပယ်ခံ ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်သူ မူစတာဖီကို ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက် ၊ ဂိုးမက်စ် ၊ မာတစ် ၊ ဖာဘင်ဟို စတဲ့ ဗဟိုခံစစ် ကစားသမား လေးဦး အထိ သူတို့အသင်းမှာ ပိုင်ဆိုင် ထားပေမယ့် ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ဟာ ၂၀၂၀ ခုနှစ် ကုန်ခါနီး ကတည်းက ပြင်းထန်တဲ့ ဒူးဒဏ်ရာတွေကြောင့် အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိပါဘူး။

Photo Credit: Express

ဒါ့အပြင် ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာလည်း မာတစ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုကို ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် အနိမ့်ဆုံး တစ်လနီးပါး အနားယူရတော့မှာ ဖြစ်သလို ခံစစ်မှူး လိုအပ်ချက်ကြောင့် ဗဟိုခံစစ် နေရာမှာ ဆင်းကစားနေရတဲ့ ဖာဘင်ဟိုဟာလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ အတွက် ရုန်းကန်နေရပါတယ်။ ဒါ့ကြောင့်ပဲ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းမီမှာ အသင်းရဲ့ ပြဿနာတွေကို ရေတို ဖြေရှင်း ပေးနိုင်မယ့် ခံစစ်မှူး တစ်ဦးကို ရှာဖွေနေပြီး အာဆင်နယ် အသင်းကနေ တရားဝင် ထွက်ခွာခွင့် ရရှိထားတဲ့ ဂျာမဏီ လက်ရွေးစင် ခံစစ်မှူးဟောင်း မူစတာဖီဟာ ကလော့ပ်ရဲ့ မျက်စိကျမှုကို ခံနေရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူး အသင်းဟာ အာဆင်နယ် အသင်းကနေ တရားဝင် ထွက်ခွာခွင့် ရရှိထားတဲ့ မူစတာဖီကို ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး မူစတာဖီဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အာဆင်နယ် အသင်းနဲ့အတူ စာချုပ် ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်တာကြောင့် လီဗာပူးအသင်းဟာ မူစတာဖီကို ပြောင်းရွှေ့ကြေး ယူရို ၁သန်းခန့်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ ဂျာမဏီ လက်ရွေးစင် ခံစစ်မှူးဟောင်း မူစတာဖီဟာ လက်ရှိမှာ အသက် ၂၈နှစ် အရွယ်သာ ရှိသေးတာကြောင့် ကစားသမား ဘဝ အကောင်းဆုံး အချိန်မှာ ရှိနေတဲ့ ကစားသမား တစ်ဦး လို့ ဆိုနိုင်ပြီး အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့် မရတာ ကြာပြီ ဖြစ်ပေမယ့် သူ့ရဲ့ အတွေ့အကြုံ ၊ သူ့ရဲ့ ခြေစွမ်းဟာ လက်ရှိ လီဗာပူးအသင်း အားကိုးနေတဲ့ လူငယ်ခံစစ်မှူးတွေထက် များစွာ သာလွန်နေတာကြောင့် မကြာခင်မှာပဲ လီဗာပူးအသင်းဟာ မူစတာဖီကို တရားဝင် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။