MySport Myanmar

ဇန်နဝါရီမှာ ကိုင်စီဒိုကို အရ ခေါ်ယူနိုင်ဖို့ အခုချိန်ကတည်းက ကြိုးစားနေတဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ လူငယ် ကွင်းလယ်လူ ကိုင်စီဒိုအား လာမယ့် ဇန်နဝါရီဈေးကွက်မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ ဝုလ်ဗ် ၊ ဘရိုက်တန် ၊ အဲဗာတန် စတဲ့ အသင်းလတ်တွေရဲ့ ကွင်းလယ်လောက်သာ အင်အားတောင့်တင်းပြီး ရှိရင်းစွဲ ကွင်းလယ်လူတွေထဲက အားကိုးရတဲ့ ကစားသမား အရေအတွက်ဟာလည်း လက်တဆုပ်စာသာ ရှိပါတယ်။

Photo Credit: The Sun

လက်ရှိ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းမှာ အယ်ကန်တာရာ ၊ ဖာဘင်ဟို ၊ ဟန်ဒါဆန်နဲ့ အိလိယက်ဇ်တို့ကသာ အသင်းအတွက် အကျိုးပြုတဲ့ ကစားသမားတွေ အဖြစ် ရှိနေကြပြီး အဆိုပါ ကစားသမား ၄ဦးအနက် အယ်ကန်တာရာဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ ရှိသလို ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ကလည်း အသက်အရွယ်ကြောင့် အကျဘက်ကို ရောက်လာကြပါပြီ။

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက နွေအပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုကို ဂျူဗင်တပ်ကနေ တရာသီအငှားနဲ့ ခေါ်ယူခဲ့ပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က မယ်လိုရဲ့ ကြံ့ခိုင်မှု အနေအထားကို အားမရတာကြောင့် လာမယ့် ဆောင်းရာသီဈေးကွက်မှာ အသင်းအတွက် အားကိုးရမယ့် ကွင်းလယ်လူ တဦးကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုခဲ့ပါတယ်။

Photo Credit: The Sun

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးရဲ့ ကင်းထောက်အဖွဲ့က သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် ဘရိုက်တန်ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဟာ လာမယ့် ဆောင်းဈေးကွက်မှာ ကိုင်စီဒိုကို တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ ယခုချိန်ကတည်းက ကိုင်စီဒိုရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဘရိုက်တန်ကတော့ ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် အထိ လိုချင်နေပါတယ်။

Exit mobile version