ဒီရက်ပိုင်းအတွင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ်မက်ဆီကို လက်လွတ်ဆုံးရှုံးထားရတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာတော့ သူတို့အသင်းရဲ့ ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းရဲ့ကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ လိုအပ်နေတော့တယ်လို့ ပြင်သစ်သတင်းမီဒီယာ Le 10sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sportsmole

ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ဆာဂျီယိုအဂွဲရိုး မန်ဖစ်ဒီပိုင်း အဲရစ်ဂါဆီယာနဲ့ အီမာဆန်တို့ကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပေမယ့် မက်ဆီအပါအဝင် အယ်လီနာ ဖာလ်ပို တိုဒီဘိုတို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ရပြီး ပေါ်တူဂီ လူငယ်တိုက်စစ်ကစားသမားလေး ထရန်ကာအိုကိုလည်း ဝုလ်ဗ်အသင်းဆီ အငှားချထားခဲ့ရပါတယ်။ ကစားသမားသစ် (၄)ဦးအထိကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ထပ်မံအလိုရှိနေတာကြောင့် ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit : Ligue 1

အသက်(၂၃)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် ဒီကစားသမားကို အာဆင်နယ် လီဗာပူးလ်အသင်းတွေအပြင် ဘာစီလိုနာအသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကလပ်အသင်းတွေများစွာကနေ အပြိုင်အဆိုင် အလိုရှိနေကြတဲ့ ရီနာတိုဆန်းချက်စ်ကို ဘာစီလိုနာဘက်ကနေ လက်ဦးမှု ရယူနိုင်ဖို့အတွက် ကစားသမားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ရာ အခုဆိုရင် Personal Agreed ပါ ရယူနိုင်ခဲ့ဖြစ်တာကြောင့် အပြောင်းအရွှေ့ အထမြောက်နိုင်ဖို့အတွက် ဆန်းချက်စ်ရဲ့ကလပ် လိုင်လီအသင်းနဲ့ ကစားသမားရဲ့ အပြောင်းအရွှေ့ကို ဆက်လက်ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ လိုင်လီအသင်းကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း(၃၀)လောက် လိုအပ်နေလို့ လတ်တလောမှာ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအနေနဲ့ ဆန်းချက်စ်ကို မခေါ်ယူခင် အသင်းရဲ့ လစာမြင့် ကစားသမားတွေထဲကမှ အသင်းနဲ့ အံ့မဝင်နိုင်တဲ့သူတွေကို အရင်ရှင်းထုတ်ရဖို့ လိုအပ်လို့နေပါတယ်။ ဘာစီလိုနာဟာ အမ်တီတီ ပီယာနစ်နဲ့ ကော်တင်ဟိုတို့လို ကစားသမားတွေကို ဒီနွေမှာပဲ အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။