လီဗာပူးလ်အသင်းဟာ လာမယ့်နွေမှာ တိုက်စစ်ပိုင်း အပြောင်းအလဲ လုပ်ဆောင်သွားဖို့အတွက် ဘရိုက်တန်အသင်းက ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျာအို ပတ်ဒရိုကို ချိန်ရွယ်လျက် ရှိနေပြီး တကယ်လို့ ဒီကစားသမားကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ရောင်းချသွားဖို့ ရှိနေပါတယ်။
လီဗာပူးလ်က နွေမှာ အသင်းရဲ့ တိုက်စစ်ကစားသမားကြီး မိုဟာမက် ဆာလာကို လက်လွတ်ရဖို့ ရှိနေတဲ့အပြင် ဒဏ်ရာတွေနဲ့ ရုန်းကန်နေတဲ့ ဒီယိုဂို ဂျိုတာနဲ့ ခြေစွမ်းပြဖို့ ခက်ခဲနေတဲ့ ဒါဝင် နူးညက်ဇ်တို့ကိုလည်း အသင်းကနေပါ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေတာကြောင့် တိုက်စစ်ပိုင်း အားဖြည့်မှုတွေ လုပ်ဆောင်သွားချင်နေပါတယ်။
Photo Credit : TEAMtalk
ဥရုဂွေး တိုက်စစ်မှူး နူးညက်ဇ်က ဒီရာသီထဲမှာ အသင်းအတွက် (၆)ဂိုးသာ သွင်းယူထားနိုင်သလို အပိုင်အခွင့်အရေးတွေကပါ အသုံးမချနိုင်တဲ့ အခြေအနေတွေကြောင့် လာမယ့် ၂၀၂၅ နွေမှာ အသင်းကနေ သေချာပေါက် ရောင်းထုတ်ခံရနိုင်ပြီး ဒါပေမယ့် အစားထိုးမယ့် ကစားသမားကို ခေါ်ယူပြီးမှသာ ရောင်းချသွားနိုင်ပါတယ်။
နူးညက်ဇ်ကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကပါ ကမ်းလှမ်းမှု လုပ်ခဲ့သေးပေမယ့် လီဗာပူးလ်က နူးညက်ဇ်နေရာအတွက် အစားထိုးဖို့ မလွယ်ကူတာကြောင့် ပယ်ချခဲ့ပါသေးတယ်။ ဒါ့အပြင် နူးညက်ဇ်ကို ဥရောပက အသက်လက်တီကို အေစီမီလန်တို့ကပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။
Photo Credit : Rousing the Kop
လီဗာပူးလ်ကတော့ တိုက်စစ်ပိုင်းအတွက် ပရီးမီးယားလိဂ် ကြယ်ပွင့်ကစားသမားဖြစ်သူ ဂျာအို ပတ်ဒရိုကို ချိန်ရွယ်လျက် ရှိနေပြီး လာမယ့်နွေမှာ အသင်းဆီ အရ ခေါ်ယူသွားဖို့ပါ ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွယ် ပတ်ဒရိုဟာ ၂၀၁၉ကတည်းက ပရီးမီးယားလိဂ်ဆီ ရောက်လာခဲ့တာဖြစ်ပြီး အခုဆိုရင် ပတ်ဒရိုက ပရီးမီးယားလိဂ်ပွဲပေါင်း (၈၃)ပွဲအထိတောင် ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂျာအို ပတ်ဒရိုက အထောင်တိုက်စစ်နေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့် နောက်ချန်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတွေအထိ ကစားနိုင်သူလည်းဖြစ်ပြီး ဒီရာသီမှာလည်း ဘရိုက်တန်အတွက် (၇)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ပါတယ်။ ဘရ်ိုက်တန်က ပတ်ဒရိုကို ဝက်ဖို့ဒ်ကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူထားတာ ဖြစ်သလို အသင်းနဲ့လည်း ၂၀၂၈ထိ စာချုပ်သက်တမ်း ရှိနေတာမို့ သူတို့ကစားသမားအတွက် အနိမ့်ဆုံး ပေါင်သန်း(၆၀)လောက်အထိ တောင်းဆိုလာနိုင်ပါတယ်။