ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တိုင်လီမန်း အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ရန် စတင် စဉ်းစားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Team Talk သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ လီဗာပူးက ဒီရာသီမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး သူတို့အသင်းရဲ့ အဓိက ပြဿနာဟာ အရွယ်လွန် ကစားသမား များနေတဲ့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

လီဗာပူးက ကွင်းလယ်မှာ ဟန်ဒါဆန် ၊ ဖာဘင်ဟို ၊ သီယာဂို ၊ မီလ်နာ ၊ ချိန်ဘာလိန် ၊ နာဘီကီတာ ၊ အာသာ ၊ အယ်လိယက် ၊ ကာတစ်ဂျုံးစ် စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ချိန်ဘာလိန် ၊ နာဘီကီတာနဲ့ အာသာတို့က ဒဏ်ရာလူသားတွေ ဖြစ်နေကြသလို ဟန်ဒါဆန်နဲ့ မီလ်နာတို့က အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေကြပြီး အယ်လိယက်နဲ့ ကာတစ်ဂျုံးစ်တို့ကလည်း အားကိုးရတဲ့ အနေအထားမျိုးမှာ မရှိသေးပါဘူး။

ဒါကြောင့်လည်း လီဗာပူးရဲ့ ကွင်းလယ်မှာ အမာခံတွေ အဖြစ် သီယာဂိုနဲ့ ဖာဘင်ဟိုတို့ နှစ်ဦးထဲသာ ကျန်ရှိတော့ပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ စဉ်းစားနေပြီး လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် တိုင်လီမန်းဟာ သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Team Talkရဲ့ ဖော်ပြချက်အရ လီဗာပူးရဲ့ တာဝန်ရှိသူတွေက လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တိုင်လီမန်းကို ကမ်းလှမ်းဖို့ စတင် စဉ်းစားနေပြီး တိုင်လီမန်းကလည်း လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်သလို သူက လက်စတာ စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချထားတာကြောင့် လီဗာပူးဟာ တိုင်လီမန်းကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းရင် ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။