MySport Myanmar

ချယ်လ်ဆီးနဲ့ စာချုပ်သစ် မချုပ်ရသေးတဲ့ မေဆန်မောင့်ကို ခေါ်ယူချင်နေတဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့ရဲ့ အဓိကပြိုင်ဘက် ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မေဆန်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး သူနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့တော့ မနီးစပ်သေးပါဘူး။

Photo Credit: The Sun

မေဆန်မောင့်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် စာချုပ်သစ်မှာတော့ တပတ် လုပ်ခလစာ ပေါင် ၂သိန်းခွဲနဲ့ ၃သိန်းကြား လိုချင်နေပြီး ချယ်လ်ဆီးကတော့ တပတ် လုပ်ခ ပေါင် ၂သိန်း ဝန်းကျင်သာ ပေးချေဖို့ ဆန္ဒရှိနေပါတယ်။

ဒါကြောင့်ပဲ မေဆန်မောင့်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ထပ်မံ လုပ်ဆောင်ဖို့ လိုအပ်နေပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးနဲ့ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်တို့ဟာ မေဆန်မောင့်နဲ့ ချယ်လ်ဆီးတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardian သတင်းဌာနက ဆိုပါတယ်။

Photo Credit: The Sun

Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက မေဆန်မောင့်ကို ခေါ်ယူဖို့ မျက်စိကျနေကြပြီး လီဗာပူးနည်းပြ ကလော့ပ်ဟာ မေဆန်မောင့်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သလို အကယ်၍ မေဆန်မောင့်ကသာ ချယ်လ်ဆီးနဲ့ စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် လီဗာပူးက မေဆန်မောင့်ကို ခေါ်ယူရန် ကြိုးစားဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဒါပေမယ့် မေဆန်မောင့်က ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်လာအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားကြောင်း ပြောဖူးတာကြောင့် မေဆန်မောင့်ဟာ ချယ်လ်ဆီးနဲ့သာ စာချုပ်သစ် ချုပ်ဆိုဖွယ် ရှိနေပါတယ်။

Exit mobile version