လက်ရှိဘောလုံးရာသီမှာ ဥရောပတိုက်ရဲ့ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အင်အားကို တိုးမြှင့်ဖို့အတွက် ယခုအချိန်ကတည်းက စတင်ပြီးတော့ လုပ်ဆောင်မှုတွေ ပြုလုပ်လာပြီ လို့ သိရှိရပါတယ်။ အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ လီဗာပူးလ်အသင်းဟာ နာပိုလီအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဖေဘီယန်ကို အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရှိထားရပြီး လီဗာပူးလ်မြို့အခြေစိုက် သတင်းစာတွေကလဲ ယနေ့မနက်မှာ အတည်ပြုသွားကြပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးလ် အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်နေရာတွေကို အပြောင်းအလဲ လုပ်သွားမှာမဟုတ်ပဲ အသက်အရွယ် ရလာတဲ့ မီလ်နာ ၊ ဝစ်နယ်ဒန်တို့ ရှိနေတဲ့ ကွင်းလယ်ပိုင်းအတွက် အားဖြည့်မှုတွေကိုသာ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဖေဘီယန်ရဲ့ ခြေစွမ်းတွေကို ပြီးခဲ့တဲ့ ရာသီဝက်ကာလ တစ်ခုလုံး အကဲခတ်ခဲ့ပြီး သဘောကျသွားတာကြောင့် လာမယ့်နွေရာသီရဲ့ အဓိကပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ဟန်ဒါဆန် ၊ နာဘီကီတာ ၊ ဖာဘင်ဟို ၊ လယ်လာနာ ၊ ချိန်ဘာလိန် ၊ ဝစ်နယ်ဒန် ၊ မီလ်နာ စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဘောလုံးကောင်းကောင်း ကိုင်ပြီး ကစားနိုင်တဲ့ ကွင်းလယ်လူ မရှိတာကြောင့် ဖေဘီယန်လို ကွင်းလယ်လူကို ခေါ်ယူလိုနေတာ ဖြစ်တယ်လို့လည်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Express.com

အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ နာပိုလီအသင်းဘက်က ဖေဘီယန်အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒရှိနေကြောင်းနဲ့ ဖေဘီယန်ကို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ စတင်ပြီးတော့ ကြိုးပမ်းနေပြီလို့လည်း သိရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက ဖေဘီယန်ရဲ့ တန်ကြေးဟာ ယူရို၇၄သန်းအထိ ရှိနိုင်ပြီး လီဗာပူးလ်အသင်းဘက်က အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေသည့်တိုင်အောင် ဖေဘီယန်ကို ခေါ်ယူနိုင်ဖို့အတွက် အခြား ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဆက်စပ်သတင်းတွေအရ ဖေဘီယန်ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကြိုးစားနေကြတယ်လို့ သိရှိရပါတယ်။