လီဗာပူးလ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် ဆယ်ကျော်သက် လူငယ်ကစားသမားလေး ဂျုဒ့်ဘယ်လင်ဂမ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အသက်ငယ်ငယ်လေးနဲ့ လက်ရွေးစင်အသင်းကြီးမှာပါ ရွေးချယ်ခံထားရတဲ့ ဒီကစားသမားလေးအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)လောက်အထိနဲ့ပါ ကမ်းလှမ်းမှုတွေကို လာမယ့်နွေစျေးကွက်အတွင်းမှာ လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Mirror

လက်ရှိမှာ အသက်(၁၈)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေး ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်ကစားသမားလေးတွေကို အမြဲတမ်း မြေတောင်မြှောက်ပေးလေ့ရှိတဲ့ ဒေါ့မွန်အသင်းက ဘယ်လင်ဂမ်ကို ပထမရာသီမှာပဲ ပြိုင်ပွဲစုံ(၄၆)ပွဲအထိကို ပါဝင်ကစားခိုင်းခဲ့ပါတယ်။ အခုဆို ဘယ်လင်ဟမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရပြီး အသင်းအတွက်ကိုလည်း ယူရိုပြိုင်ပွဲ အပါအဝင် ပွဲပေါင်း(၈)ပွဲအထိကို ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Mirror

ဒီလို အသက်ငယ်ငယ်လေးနဲ့ တောက်ပလျက်ရှိနေတဲ့ ဘယ်လင်ဂမ်ကို လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂန်ကလော့ပ်က အသင်းရဲ့ လာမယ့်နွေစျေးကွက်အတွင်းမှာ ဦးစားပေး ခေါ်ယူသွားမယ့် ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်လာခဲ့ပါတယ်။ ကလော့ပ်ဟာ လာမယ့်နှစ်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ဘယ်လင်ဂမ်လို အရည်အသွေးပြည့် လူငယ်ကစားသမားတစ်ဦးနဲ့ အင်အားဖြည့်တင်းသွားဖို့ ဆန္ဒရှိနေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးကိုလည်း လီဗာပူးလ်အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၈၀)နဲ့ပါ ကမ်းလှမ်းလာနိုင်တယ်လို့ Daily Star ကနေ ဖော်ပြထားပါတယ်။ ဒီကမ်းလှမ်းမှုကိုသာ ဒေါ့မွန်ဘက်ကနေ လက်ခံခဲ့မယ်ဆိုရင်တော့ ဘယ်လင်ဂမ်ဟာ ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး လီဗာပူးလ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ကစားသမားတစ်ယောက်ပါ သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်ကို လီဗာပူးလ်အပြင် မန်ချက်စတာယူနိုက်တက်အသင်းကပါ စိတ်ဝင်စားနေပေမယ့် ကစားသမားဖြစ်သူကတော့ ဒေါ့မွန်မှာသာ ပျော်ရွှင်လျက်ရှိနေပြီး အသင်းမှာ နှစ်ရှည်ပါဝင်ကစားပြီးမှသာ အင်္ဂလန်ကို ပြန်ဖွယ်ရှိနေပါတယ်။ ဘယ်လင်ဂမ်နဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း လာမယ့် ၂၀၂၅ခုနှစ်မှ ကုန်ဆုံးမှာဖြစ်တာကြောင့် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ဆိုရင် ခက်ခက်ခဲခဲကို ကြိုးပမ်းရဖွယ် ရှိနိုင်ပါတယ်။