လီဗာပူးလ်အသင်းကတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအတွင်း အီတလီစီးရီးအေကလပ် အတ္တလန်တာအသင်းကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားခဲ့ရပြီး အသင်းတိုက်စစ်ကနေ သွင်းဂိုးတစ်ဂိုးမှကို မရယူနိုင်ခဲ့ပဲ အီလီချစ်နဲ့ ဂိုဆန်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဧည့်သည်အတ္တလန်တာအသင်းကို (၂)ဂိုးပြတ်နဲ့ကို အရှံးပေးခဲ့ရပါတယ်။ လီဗာပူးလ်ဟာ ဒီပွဲစဉ်ကို အနိုင်ရခဲ့မယ်ဆိုရင် နောက်တစ်ဆင့်ကို စောစောစီးစီး တတ်လှမ်းနိုင်မှာဖြစ်ပေမယ့်လည်း အခုလို ရှုံးနိမ့်ခဲ့ရလို့ အတ္တလန်တာ အေဂျက်စ်အသင်းတွေနဲ့အတူ နောက်တစ်ဆင့်တတ်ရေးအတွက် ထပ်မံကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရသလို ပွဲဆက်တွေလည်း များပြားနေရတာကြောင့် အတ္တလန်တာအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ကာတစ်ဂျုံးစ် နီကိုးဝီလီယံစ်နဲ့ ရီးစ်ဝီလီယံစ်တို့ကို အသုံးပြုလာခဲ့ရပြီး လူစုံပါဝင်လာခြင်းမရှိတဲ့ လီဗာပူးလ်အသင်းဟာ တစ်ပွဲလုံးအတွင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှကို မပြုလုပ်နိုင်ခဲ့ပဲ အတ္တလန်တာကို (၂)ဂိုးနဲ့ အရှံးပေးခဲ့ရပါတယ်။ ဒီလို အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရခြင်းဟာ နည်းပြယာဂင်ကလော့လက်ထက် လုံးဝမရှိခဲ့ဘူးပဲ ကလော့ကိုင်တွယ်ခဲ့တဲ့ အိမ်ကွင်းပွဲပေါင်း (၁၃၇)ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂိုးပိုသွင်းယူခံရပြီး အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ၂၀၁၅ခုနှစ်မှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အန်ဖီးလ်မှာ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း (၃)ဂိုးပြတ် အပြတ်အသတ် အရေးနိမ့်ခဲ့ရပြီးနောက်ပိုင်း အန်ဖီးလ်မှာ ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံပွဲစဉ်တွေအတွင်း ရှံးနိမ့်ခဲ့ရတဲ့ပွဲစဉ်တွေမှာ (၀-၁)ရလဒ်ထက် ပိုမိုပြတ်သားတဲ့ ရလဒ်မျိုးနဲ့ မရှံးအောင်ကစားနိုင်ခဲ့ပေမယ့် မနေ့ညက အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာတော့ အန်ဖီးလ်မှာ ပထမဆုံးအကြိမ်အဖြစ် ပေးဂိုး(၁)ဂိုးထက် ပိုပေးခဲ့ရကာ အရှုံးပေးခဲ့ရပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းက ဒီပွဲစဉ်အတွင်းမှာ Shot on Target တစ်ကြိမ်မှ မလုပ်ဆောင်နိုင်ခဲ့တာဟာလည်း ၂၀၀၃ခုနှစ်နောက်ပိုင်း အဆိုးရွှားဆုံးသော အခြေအနေတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရပါသေးတယ်။ လီဗာပူးလ်အနေနဲ့ ဒီပွဲမှာ အထောင်တိုက်စစ်နေရာအတွက် ဖာမီနိုအစား အော်ရီဂီကို အသုံးပြုလာခဲ့တယ်ဆိုပေမယ့် တိုက်စစ်အစွန်တွေမှာတော့ ပုံမှန်အသုံးပြုကြ ကစားသမားတွေဖြစ်တဲ့ ဆာဒီယိုမာနေးနဲ့ မိုဟာမက်ဆာလာတို့ ပါဝင်ကစားခဲ့တာဖြစ်ပြီး ဒီတိုက်စစ်အစုအဖွဲ့က ပထမပိုင်း (၄၅)မိနစ်အတွင်းမှာ ဂိုးကန်ချက်တောင် တစ်ကြိမ်လေးပဲ လုပ်ဆောင်နိုင်ခဲ့တဲ့အထိ တိုက်စစ်စွမ်းရည် ကျဆင်းခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်(၄)ပွဲကစားအပြီး (၃)ပွဲအထိ အနိုင်ရထားခဲ့တဲ့ လီဗာပူးလ်ကတော့ အုပ်စုအတွင်းက အခြားအသင်းတွေထက်စာရင် နောက်တစ်ဆင့်တတ်လှမ်းနိုင်ဖို့က အခြေအနေအကောင်းဆုံးတော့ ဖြစ်နေရပါတယ်။