၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ဟာ တနင်းလာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်အတွင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒီနေ့ည မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ရာသီကြို ခြေစမ်းပွဲကိုပါ ပါဝင်နိုင်ပါ့မလားဆိုတာ မသေချာ မရေရာ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Goal
ဥရုဂွေးလက်ရွေးစင် အထောင်တိုက်စစ်မှူး နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက ဘင်ဖီကာအသင်းမှာ အတော်လေးကို တောက်ပခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၁)ပွဲ ကစားခဲ့ရာ (၃၄)ဂိုးသွင်း (၄)ဂိုးဖန်တီးပေးနိုင်ခဲ့သလို အသင်းကိုလည်း အကောင်းဆုံး မောင်းနှင်ပေးခဲ့တာကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေက သူ့ကို စိတ်ဝင်စားလာခဲ့ကာ နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းက ပေါင်(၈၅)သန်းနဲ့ အရခေါ်ယူသွားခဲ့ပါတယ်။ လက်ရှိမှာတော့ နူနက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေကို ပါဝင်ဆင်နွဲဖို့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိလို့နေပြီး အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း ပါဝင်လျက် ရှိနေပါတယ်။
Photo Credit : The Empire of the Kop
တနင်းလာနေ့က ပြုလုပ်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ကနဦး လေ့ကျင့်ခန်း အစီအစဉ်အတွင်းမှာ နူနက်ဇ်ဟာ အသေးစား ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အသင်းဆေးအဖွဲ့ဝင်တွေက နူနက်ဇ်ကို နောက်ထပ် လေ့ကျင့်ခန်းတွေ ထပ်မလုပ်ဆောင်ဖို့ တားမြစ်ခဲ့ပြီး အနားပေးခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ဒီနေ့ည ရာဇမင်္ဂလာကွင်းမှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်သွားမယ့် ခြေစမ်းပွဲကို ပါဝင်ကစားနိုင်မလားဆိုတာ မသေချာနေသလို ပါဝင်နိုင်ခဲ့မယ်ဆိုရင်တောင် ပွဲချိန်အနည်းငယ်လောက်ပဲ ကစားနိုင်ဖွယ် ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ လီဗာပူးလ်အသင်း ပရိသတ်တွေကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မိုဆာလာ နူနက်ဇ် ဒီယက်ဇ် အတွဲအဖက်ကို တွေ့မြင်ရဖို့ မျှော်လင့်ထားကြပေမယ့်လည်း မထင်မှတ်ပဲ ကစားသမားသစ် နူနက်ဇ်က ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် သူရဲ့ ပွဲကစားမှုတွေကိုတော့ အချိန်အပိုင်းအခြားလောက်သာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ထိုင်းနိုင်ငံ ခြေစမ်းခရီးစဉ်အတွက် ကစားသမားအရေအတွက် (၃၇)ယောက်အထိကို ခေါ်ယူလာခဲ့တာဖြစ်ပြီး ကစားသမားသစ် (၃)ဦးထဲက နူနက်ဇ်နဲ့ ကာဗယ်လ်ဟိုတို့ပါ ခေါ်ဆောင်လာခဲ့သလို ကယ်လ်ဗင်ရမ်ဆေးကတော့ ဒဏ်ရာပြသာနာကြောင့် ချန်ရစ်ထားခဲ့ရပါတယ်။