ဒီနှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းပိုင်းတွေရော ရလဒ်ပိုင်းတွေမှာပါ ထိုးကျနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ် အင်အားဖြည့်တင်းမှု အနည်းငယ်ကို လုပ်ဆောင်သွားဖို့ ရှိနေရာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား အော်ရီဂီရဲ့ အေးဂျင့်ဖြစ်သူက သူတို့ကစားသမားကို ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားလျက် ရှိတယ်လို့ စပိန်သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Premier League

ဘာစီလိုနာအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ အန်ထရန်ဂရီးဇ်မန်းတို့ကို လက်လွတ်ထားခဲ့ရပြီး ပြန်လည်ဖြည့်တင်းထားတဲ့ ကစားသမားတွေမှာလည်း အသင်းနဲ့ အရမ်းအံ့ဝင်မှု မရှိသေးတာကြောင့် အသင်းအခြေအနေက အတော်လေးကို ဆိုးရွှားလာခဲ့ရပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒီလိုအခြေအနေက ရုန်းထွက်နိုင်ဖို့အတွက် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့့စျေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူမှုတချို့ လုပ်ဆောင်ဖွယ် ရှိနေပြီး ဒီလို ကစားသမား ခေါ်ယူဖို့ စီစဉ်နေတဲ့ ဘာစီလိုနာအသင်းဆီကိုလည်း လီဗာပူးလ် ကစားသမား အော်ရီဂီရဲ့ အေးဂျင့်ဖြစ်သူက ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

Photo Credit : This is Anfield

အသက်(၂၆)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အော်ရီဂီဟာ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်ခဲ့စဉ်က အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်ခဲ့သူ ဖြစ်ပေမယ့်လည်း အသင်းမှာ သူရဲ့ ပွဲထွက်ကစားခွင့်တွေက အကန့်အသတ်နဲ့သာ ရှိနေတာကြောင့် သူရဲ့အေးဂျင့်ဖြစ်သူက ကစားသမားသစ် အလိုရှိနေတဲ့ ဘာစီလိုနာအသင်းဆီကို ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။ အော်ရီဂီဟာ လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး စပါးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ လီဗာပူးလ်အသင်းအတွက် မိနစ်ပေါင်း (၁၅၇)မိနစ်သာ ပါဝင်ကစားထားရသေးပြီး ပရီးမီးယားလိဂ်မှာဆိုရင်လည်း (၂)မိနစ်သာ ပါဝင်ထားရပါတယ်။ အော်ရီဂီဟာ ဒီနှစ်ရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဆောင်းရာသီအတွင်း အသင်းပြောင်းဖြစ်မယ်ဆိုရင် Cut-price တန်ကြေးလောက်နဲ့ အသင်းကနေ ထွက်ခွာခွင့်ရမှာ ဖြစ်ပါတယ်။