ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သလို အသင်းဆီ လာရောက် ကစားဖို့လည်း စိတ်ဝင်စားနေတဲ့ ဒေါ့မွန် လူငယ်ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ကို မခေါ်တော့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ လီဗာပူးက ဒေါ့မွန်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ၂နှစ် နီးပါး ကြာအောင် သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Caught Offside

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ဒေါ့မွန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ရာထူးကို ရထားတဲ့ အထိ ရင့်ကျက်သလို ခေါင်းဆောင်နိုင်စွမ်း ပြည့်ဝကာ ကမ္ဘာ့အဆင့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူပါ။

ဒါကြောင့်ပဲ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ စီးတီး ၊ ပီအက်စ်ဂျီ ၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို ထိပ်သီးအသင်းတွေက ဘယ်လင်ဟမ်ကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ဘယ်လင်ဟမ်ကလည်း သူ့ရဲ့ ကစားသမား ဘဝအတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

ဒေါ့မွန်ကလည်း အသင်းကနေ ထွက်ခွာချင်တဲ့ ဘယ်လင်ဟမ်ရဲ့ စိတ်ဆန္ဒကို နားလည်တာကြောင့် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်းနဲ့ ရောင်းချမယ်လို့ ဈေးခေါ်ထားပြီး လီဗာပူးကတော့ ဘယ်လင်ဟမ် အတွက် ဒေါ့မွန်ရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်တာကြောင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးစားနေမှု အားလုံးကို ရပ်တန့်လိုက်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ဘယ်လင်ဟမ် အတွက် ပေါင် ၂၀၀သန်း ဝန်းကျင် အသုံးပြုရမှာကို မလိုလားတာကြောင့် ဘယ်လင်ဟမ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပြီး လီဗာပူးဟာ ဘယ်လင်ဟမ် အစား အခြား ဈေးသက်သာတဲ့ ကွင်းလယ်လူတွေကိုသာ ခေါ်ယူဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။