နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံရှစ် ပြိုင်ပွဲက ဝက်ဖို့ဒ်အသင်းရဲ့ တောင်ပံ ကစားသမား ဆားလ်ကို ပေါင် (၃၆) သန်းနဲ့ ခေါ်ယူချင်နေလျက် ရှိသလို၊ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဒမ်ဘီလီကိုလည်း အငှားနဲ့ ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်လျက် ရှိနေပါတယ်။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဆီမီကပ်စ်၊ ဝုဖ်လ်အသင်းရဲ့ တောင်ပံ ကစားသမား ဂျိုတာ နဲ့ ဘိုင်နယ်မြူးနစ်အသင်းရဲ့ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်တာရာတို့ကို ခါ်ယူခဲ့ပြီ ဖြစ်ပေမယ့် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူချင်တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

France Football သတင်းကတော့ ဝက်ဖို့ဒ် တောင်ပံ ကစားသမား ဆားလ်ရဲ့ အေးဂျင့် ဖြစ်သူဟာ လီဗာပူးလ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အချိန်မှာ လီဗာပူးလ်အသင်းအနေနဲ့ ဆားလ်ကို ပေါင် (၃၆) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ တောင်ပံ ကစားသမား ဆားလ်ကို တစ်ပတ် ပေါင် (၁၂၀,၀၀၀) ပေးချေဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ အပြိုင် အဲဗာတန်အသင်း၊ အက်စတွန်ဗီလာအသင်း နဲ့ မန်ယူအသင်းတို့ကလည်း ဆားလ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် အောက်တိုဘာလ (၅) ရက်နေ့ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက် မပိတ်ခင်မှာ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပြီး လက်ရှိမှာတော့ ဆားလ် နဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်နေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူ ဝိုင်နာလ်ဒွန်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာကြောင့် လီဗာပူးလ်အသင်း နဲ့ ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဝိုင်နာလ်ဒွန် နဲ့ တိုက်စစ်မှူး ဒမ်ဘီလီတို့ကို အလဲအထပ် ပြုလုပ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဆာလတ်၊ မာနေး နဲ့ ဖာမင်နိုတို့ကိုသာ အဓိက အားထားပြီး အသုံးပြုနေရတာကြောင့် ပွဲစဉ် အချို့မှာ အသင်းရဲ့ တိုက်စစ်မှူး (၃) ယောက်ကို ကူညီပေးနိုင်ဖို့ ဂျိုတာကို ခေါ်ယူခဲ့ပြီး လက်ရှိမှာတော့ ဆားလ် နဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။