မနှစ်က ဘောလုံးရာသီမှာ မန်စီးတီးအသင်းထက် ရမှတ်၁မှတ်လေးအကွာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာတော့ အနှစ်၃၀ကျော်ကြာ ဝေးကွာလို့နေတဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို တဖန်ပြန်လည်ရယူနိုင်ဖို့အတွက် ရာသီအစပိုင်းကတည်းက သေချာကြိုးစားလာခဲ့ရာ အခု ပွဲစဉ်(၂၅)အထိ ကစားခဲ့ပြီးနောက် ၂၄ပွဲအထိကို အနိုင်ရရှိထားသလို ရှံးပွဲလုံးဝမရှိသေးပဲနဲ့ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကိုလည်း ရမှတ်၂၂မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

လက်ရှိအနေအထားတွေအရ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အစောဆုံးဆွတ်ခူးနိုင်မယ့် အသင်းအဖြစ် မှတ်တမ်းတင်နိုင်ဖွယ် ရှိနေသလို နောက်ထပ်လက်ကျန်ပွဲတွေမှာ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေရှိမလာခဲ့ဘူးဆိုရင် အာဆင်နယ်အသင်းရဲ့ ၂၀၀၃-၂၀၀၄ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပြန်လည်ပေါ်ထွက်လာမယ့် ပရီးမီးယားလိဂ်ရဲ့ဒုတိယမြောက် ရှုံးပွဲမရှိ ချန်ပီယံလည်း ဖြစ်လာတော့မှာပါ။ ဒီလိုစံချိန်ကောင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပူးတွဲပိုင်ဆိုင်နိုင်ဖို့အတွက် လီဗာပူးလ်အသင်းသားတွေက တစ်ပွဲမှကို အမှားမခံပဲ ပွဲတိုင်းနီးပါးကို အာရုံစိုက်ကစားနေလျက်ရှိတာဖြစ်ပါတယ်။

Photo Credit : Getty Images

Sportsmail သတင်းမီဒီယာကနေ ဖော်ပြလာချက်တွေအရ လီဗာပူးလ်အသင်းအနေနဲ့ နှစ်၃၀လောက် ကြာမြင့်နေတဲ့ အမှတ်ပေးလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်မယ့်ဆိုရင် အသင်းသားတွေအတွက် အပိုဆုကြေးပေါင်း ပေါင်၄သန်းချီးမြှင့်မယ်လို့ သိရှိရပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက်များစွာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေတော့ အပိုဆုကြေးအဖြစ် ပေါင်၁သိန်းခွဲနီးပါးလောက်ကို ပိုင်ဆိုင်မှာဖြစ်ပြီး အသင်းရဲ့အဓိက ကစားသမားတွေကလည်း စာချုပ်ပါ အချက်အလက်တွေကြောင့် နောက်ထပ်အပိုဆုကြေးတွေကို ထပ်လောင်းရရှိဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ နည်းပြယာဂင်ကလော့မှာလည်း အသင်းကို တစ်နှစ်ပြီးတစ်နှစ် ပိုမိုအောင်မြင်လာအောင် စွမ်းဆောင်ထားနိုင်မှုတွေကြောင့် ဘောနပ်စ်များစွာကို ပိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။