လီဗာပူးလ်အသင်းဟာ မနေ့ညက ကင်းပါဝါကွင်းအတွင်းမှာ အိမ်ရှင်လက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆင်နွဲခဲ့ပြီး တိုက်စစ်မှူးမိုဟာမက်ဆာလာရဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း (၆)မိနစ်အတွင်းမှာ လက်စတာဘက်ကို သွင်းဂိုး(၃)ဂိုး အလျင်အမြန် ခွင့်ပြုပေးလိုက်ရတာကြောင့် (၃)ပွဲဆက်တိုက် ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းထဲကနေပါ သေချာပေါက်ထွက်ခွာသွားရမယ့် အခြေအနေကို ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Liverpool Offside

လီဗာပူးလ်ဟာ ဒီပွဲမတိုင်ခင်မှာ ဘရိုက်တန် မန်စီးတီးအသင်းတွေကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အမှတ်တွေ အတော်လေး ဆုံးရှုံးခဲ့ရသလို အခု လက်စတာကိုပါ ထပ်မံရှုံးနိမ့်လိုက်ရတာကြောင့် အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ဖို့ကိုပါ ရုန်းကန်လာရနိုင်ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က “ဒါက ဘေးဆိုးကြီးတစ်ခုလိုပါပဲ။ ယုံကြည်မှုကလည်း ဒီအသင်းမှာ ကွယ်ပျောက်သွားသလိုပါပဲ။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက သူတို့အသင်းကို တစ်ဂိုးလောက် သွင်းယူထားရင် သင့်အနေနဲ့ ဒီပွဲက ပြီးသွားပါပြီလို့ သတ်မှတ်တတ်ပေမယ့်လည်း ခဏလောက်အကြာမှာပဲ သူတို့အသင်းက (၃)ဂိုးပြန်သွင်းယူတာကိုလည်း သင်သိမှာပါ”

Photo Credit : BBC

“ဒါပေမယ့် အခုအချိန်မှာတော့ သင်ကိုယ်တိုင် သူတို့ရဲ့ Form ကို မေးခွန်းထုတ်ရတော့မလို ဖြစ်နေပြီ။ သင် သူတို့အပေါ်မှာလည်း ယုံကြည်မှုတွေ ပျောက်ကွယ်လာပြီ။ သူတို့ရဲ့ လွှမ်းမိုးမှုကလည်း မှေးမှိန်လာခဲ့ပြီ။ ပြီးခဲ့တဲ့ရာသီကဆိုရင်တော့ လူတိုင်းက သူတို့အသင်းကို ပရီးမီးယားလိဂ်ရဲ့ အကောင်းတကာ့ အကောင်းဆုံးအသင်းလို့တောင် သတ်မှတ်ထားကြတာပါ။ အခုတော့ သူတို့အသင်းရဲ့ ပေးဂိုးတွေနဲ့ ရှုံးပွဲတွေကြုံနေရမှုက စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေကြောင့်လည်း သူတို့ရဲ့ အသင်းလိုက်စွမ်းဆောင်ရည်တွေက ကျဆင်းလာခဲ့ရပါတယ်။ ကျွန်တော်ကတော့ လီဗာပူးလ်အနေနဲ့ Top 4 အတွင်း ဝင်ဖို့အရေးကိုပါ အတော်လေး ရုန်းကန်ရမယ်လို့ပဲ ထင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အသင်းရဲ့ရလဒ်တွေ ဆက်တိုက်ဆိုးရွှားနေမှုကြောင့် အသင်းနည်းပြ ယာဂန်ကလော့ပါ အသင်းကနေ ထုတ်ပယ်ခံရဖွယ် ရှိနေတယ်ဆိုပြီး သတင်းတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။