လီဗာပူးလ်အသင်းရဲ့ ကိုလံဘီယာ တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ဟာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လီဗာပူးလ်ရဲ့ လာမယ့် ပွဲစဉ် (၁၀)ပွဲခန့်လောက်အထိ လွဲချော်ရနိုင်ဖွယ် ရှိနေရပြီး လာမယ့် ဇန်နဝါရီလလောက်မှသာ ပြန်လည် ကစားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Express

အသက်(၂၅)နှစ်အရွယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကစားသမား ဒီယက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ လီဗာပူးလ်ရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ရပြီး ဒါဝင်နူနက်ဇ်ရဲ့ ချေပဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဒီယက်ဇ် ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့တဲ့အတွက် ဖေမီနိုနဲ့ပါ လူစားလဲလိုက်ရပြီး ပွဲအပြီး စစ်ဆေးချက် ထွက်ပေါ်လာချိန်မှာတော့ ဒီယက်ဇ်ဟာ ဒီဒူးဒဏ်ရာကြောင့် ဒီဇင်ဘာလနှောင်းပိုင်း ဒါမှမဟုတ် ဇန်နဝါရီလလောက်မှသာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းရာသီ ဈေးကွက်ကမှ ပေါ်တိုကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကိုလံဘီယာ winger ဒီယက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ အလျင်အမြန် အထိုင်ကျခဲ့သလို လီဗာပူးလ်အတွက်လည်း ခြေစွမ်းပြခဲ့တာကြောင့် အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ အခုလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို world cup မတိုင်ခင် ပွဲကျပ်ကာလတွေအတွင်း အနားပေးရတော့မယ့် လီဗာပူးလ်ရဲ့ အခြေအနေတွေက ပိုမို ဆိုးရွှားလာခဲ့ရပြီး အခုလည်း ဒီယက်ဇ် အပါအဝင် ညာနောက်ခံလူ အာနိုးနဲ့ အသင်းအတွက် မိနစ်အနည်းငယ်သာ ကစားထားရသေးတဲ့ ကွင်းလယ်လူ အာသာမယ်လိုတို့ကလည်း ဒဏ်ရာပြသာနာ အသီးသီးနဲ့ ရင်ဆိုင်နေရပါတယ်။ လီဗာပူးလ်က ဒီနှစ်ရာသီအတွင်း ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ အတော်လေး ရုန်းကန်နေရပြီး လက်ရှိ ပွဲစဉ်(၁၀)အပြီးမှာပဲ လီဗာပူးလ်ရဲ့ ရပ်တည်မှုက အဆင့်(၁၀)မှာသာ ရှိနေရပြီး ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခဲ့တဲ့ ဖူဟ်ဟမ် ဘုန်းမောက်တို့ကပင် လီဗာပူးလ်ရဲ့အထက်မှာ ရပ်တည်နေကြတဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။ ဒီလို အခြေအနေမျိုးမှာ အာနိုး ဒီယက်ဇ်တို့လို အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေ injury ဖြစ်လာရတာက အသင်းရဲ့ လက်ရှိအခြေအနေကိုပါ ပိုမို ဆိုးရွှားလာရဖွယ်လည်း ရှိနေရပါတယ်။